Home
မြန်မာသတင်း
RCSS တပ်ဖွဲ့ယူသွားသည့် တပ်ရင်းမှူး ၂ ဦး၏ ပစ္စည်းများပြန်ပေးရန် တပ်မတော် တောင်းဆို  
DVB
·
February 14, 2019
ယာယီတာဝန်ပြီးဆုံးလို့ပြန်သွားတဲ့ တပ်မတော်အရာရှိ တပ်ရင်းမှူး ၂ ဦးရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို RCSS/SSA တပ်ဖွဲ့အနေနဲ့ ပြန်ပေးဖို့နဲ့ သတ်မှတ်ချိန်အတွင်း ပြန်လည်မပေးရင်  ပြင်းထန်စွာ အရေးယူမယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းနဲ့ ကျိုင်းတုံ အကြား ပြည်ထောင်စုကားလမ်းမပေါ်မှာ RCSS/SSA တပ်ဖွဲ့ဝင် ၅၀ ဦးလောက်ဟာ ဆက်ကြေးကောက်ခံနေစဉ် တောင်ကြီးမှ ကျိုင်းတုံကိုပြန်လာတဲ့ မြန်မာ့တပ်မတော် တပ်ရင်းမှူး ၂ ဦး စီးနင်းလာတဲ့ စစ်ကားတစီကို တားဆီးပြီး ယာဉ်ပေါ်ပါ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်း သွားတာလို့ ဆိုပါတယ်။ ဒီလုပ်ရပ်ဟာ ထာဝရငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ ဆန့်ကျင်ဘက် စိန်ခေါ်မှုတခုဖြစ်ပြီး သဘောတူစာချုပ်တွေနဲ့ ထုတ်ပြန်ချက်တွေကို ချိုးဖောက်ပြီး တပ်မတော်အရာရှိတွေထံက ယူဆောင်သွားတဲ့ အသုံးအဆောင်ပစ္စည်းတွေအားလုံးကို RCSS/SSA  အဖွဲ့အနေဖြင့် အမြန်ဆုံး ပြန်လည်ပေးအပ်ဖို့ အကြောင်းကြား ထားတယ်လို့ ဆိုပါတယ်။ ပြန်လည်မပေးအပ်ပါက လိုအပ်သလိုအရေးယူမှာဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အပါအ၀င် တဖက်သတ် အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်း လုံခြုံရေးသတိကင်းမဲ့စွာ ဆောင်ရွက်ခဲ့ကြတဲ့ တပ်မတော် အရာရှိတွေကိုလည်း စစ်စည်းကမ်းနဲ့အညီ အရေးယူမယ်လို့ ထုတ်ပြန်ပါတယ်။ RCSS/SSA အဖွဲ့အနေနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ပြီးနောက်ပိုင်း စာချုပ်ပါ အချက်တွေကို ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့အတွက် အကြိမ်ကြိမ်သတိပေးခဲ့တယ်လို့လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024