Live
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်တာဝန်က ရုပ်သိမ်းနိုင်သည့်ဥပဒေကြမ်း ထုတ်ပြန်၊ တပ်ကိုယ်စားလှယ်များနှင့် မသက်ဆိုင်
DVB
·
February 14, 2019
လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို ပြည်သူတွေ လေ့လာအကြံပြုနိုင်ဖို့ နိုင်ငံပိုင် သတင်းစာတွေမှာ  ဖော်ပြလိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရေးသားပြုစုထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းဟာ လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ရမှာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က တော့ ဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကနေ ချပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ “လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စုလွှတ်တော်ကို ပို့ရတာ၊ ပြည်ထောင်စုကနေမှ အမျိုးသားက စတင်မလား၊ ပြည်သူက စတင်မလားဆိုတာ ချပေးတာဗျ၊” ဒီဥပဒေကြမ်းကို ပထမအကြိမ်လွှတ်တော်ကတည်းက တင်သွင်းခဲ့ပေမယ့် ဆိုင်းငံ့ထား ခဲ့တာဖြစ်ပြီး မကြာသေးခင်က လွှတ်တော်မှာ ကြံ့ခိုင်ရေးအမတ်က ဥပဒေကြမ်းကို လွှတ်တော် တင်ဖို့ မေးခွန်းထုတ်ခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တာဝန်က ရုပ်သိမ်းနိုင်တဲ့ ဥပဒေကြမ်းမှာ ကိုယ်စားလှယ်တဦး ဦးဟာ နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာကို ဖောက်ဖျက်တာ၊ ဖွဲ့စည်းပုံပါဥပဒေတရပ်ရပ်ကို ဖောက်ဖျက်တာ၊ အကျင့်သိက္ခာ ပျက်ပြားတာ၊ ဖွဲ့စည်းပုံပါ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အချင်း ပျက်ယွင်းတာ၊ ဥပဒေအရပေးထားတဲ့ တာဝန်တွေကို ကျေကျေပွန်ပွန် မလုပ်ဆောင်နိုင်တာ စတဲ့အချက်တွေနဲ့ ငြိစွန်းရင် ကိုယ်စားလှယ်တာဝန်ကနေ ရုပ်သိမ်းနိုင်တယ် လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီလို ရုပ်သိမ်းနိုင်ဖို့အတွက် သက်ဆိုင်ရာမဲဆန္ဒနယ်က မဲဆန္ဒရှင်အနည်းဆုံး တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က တိုင်တန်းခံရတဲ့ ကိုယ်စားလှယ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌဆီ အသိပေးအကြောင်းကြားရမှာဖြစ်ပြီး ဥက္ကဋ္ဌက တိုင်ခံရတဲ့ ကိုယ်စားလှယ်ကို အကြောင်းကြားရမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တိုင်းတန်းချက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းရဲ့ အခန်း(၁)အမည်နဲ့ အဓိပ္ပာယ်ဖော်ပြချက်အရ လွှတ်တော်ကိုယ်စားလှယ်ဆို သည်မှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်သာဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေ ကတော့ လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဥပဒေနဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024