Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ် ကျောင်းသား  ၇ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၃ လချမှတ်
DVB
·
February 14, 2019
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာ လုံခြုံရေးနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ) အဖွဲ့ဝင် ၇ ဦးကို ဖေဖော်ဝါရီ ၁၃ ရက်က အမရပူရမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃ လ အမိန့်ချမှတ်လိုက်ပါတယ်။ တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၃၅ နဲ့ ပုဒ်မ ၁၉ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပြီး ပုဒ်မ ၅၀၅(ခ)ကိုတော့ ပလပ်လိုက်ပါတယ်။ ထောင်ဒဏ်ချခံရတဲ့ ကျောင်းသား ၇ ဦးကတော့ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း၊ ကိုရဲမျိုးဆွေ၊ ကိုဘုန်းမြင့်ကျော်၊ ကိုရဲလင်းအောင်၊ ကိုနေဝင်းကျော်နဲ့ ကိုဘချစ်(ခ) ကိုမျိုးတို့ ဖြစ်ကြပါတယ်။ ခုလို ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် ကိုရဲမျိုးဆွေက “ကျနော်တို့က တရားစီရင်ရေးကို အယုံအကြည်မရှိဘူး၊ ပြစ်ဒဏ်ကြိုက်သလောက်ချ ဒါက သူတို့ကိစ္စ ကျနော်တို့က ကျနော်တို့ လုပ်စရာရှိတာ လုပ်တယ်၊ တက္ကသိုလ်ကျောင်းသားတွေ သေတဲ့ကိစ္စမှာ တိုင်းအစိုးရအနေနဲ့ ဘယ်လောက်ထိ တာဝန်ယူမှာလဲ တာဝန်ခံမှာလဲ။ ဒီလိုကိစ္စတွေမဖြစ်ခင်ကတည်းက ပြောတယ်၊ ဘာမှဖြစ်မလာဘူး၊ ကျနော်တို့ ထွက်လာရင်လည်း ပြန်တွေ့အုန်းမှာ၊ ထပ်ပြောရအုန်းမှာပဲ''လို့ ဒီဗွီဘီကို ပြောပါတယ်။ ရတနာပုံတက္ကသိုလ် လုံခြုံရေး၊ သန့်ရှင်းရေးအတွက် ဝန်ထမ်းတွေ တိုးမြှင့်ချထားပေးရေး တောင်းဆိုတဲ့ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ တောင်းဆိုချက်တွေ ရရှိဖို့ ဇန်နဝါရီ ၂၄ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ တရားစွဲဆိုထားမှုကို ဖြေလျော့ပေးဖို့နဲ့ တောင်းဆိုမှုတချို့သဘောတူညီမှု ရရှိခဲ့ပါတယ်။ ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၇ ဦးဟာ  ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအ၀င် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့    ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ ဓာတ်ပုံတွေကို နာရေးပုံစံ မီးရှို့ခဲ့တာကြောင့် ပုဒ်မ ၁၉၊ ၄၃၅ နဲ့ ၅၀၅(ခ) နဲ့ အမှုဖွင့်ခံရတာ ဖြစ်ပါတယ်။ သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024