Home
မြန်မာသတင်း
တောင်န၀င်းဆည် ဆက်လက်အသုံးမပြုရန် ပေါက်ခေါင်းမြို့တွင် တောင်းဆိုဆန္ဒပြ
မင်းညို
·
February 13, 2019
တာတမံနိမ့်ကျပြီး  ပက်ကြားအက်တွေ ဖြစ်ပေါ်လာတဲ့ တောင်နဝင်းဆည်ကြီးကို ဆက်လက်အသုံး မပြုရေးအတွက် ဒေသခံတွေက တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့က တောင်နဝင်းဆည်ကြီးဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၀ ရက်နေ့က ငလျင်လှုပ်ခတ်အပြီးမှာ  ပက်ကြားတွေအက်ပြီး တမံ နိမ့်ကျသွားခဲ့ပါတယ်။ ဒါကြောင့် ပညာရှင်တွေက စမ်းသပ်ခဲ့ပေမယ့် တမံက ထပ်မံနိမ့်ပြီး ပက်ကြားအက်တွေ ပိုပြီးဖြစ်လာတာကြောင့် ဒေသခံတွေက  ဆည်ကြီးကို ဆက်လက်အသုံးမပြုဖို့ ဖေဖော်ဝါရီ ၁၂ ရက်က ဆန္ဒပြတောင်းဆိုပါတယ်။ ပေါက်ခေါင်းမြို့ အမှတ် ၂ ရပ်ကွက်နေ ဦးအောင်မြင့်စိန်က “ဒီဆည်ကြီးက ဧက ၉ သောင်းကျော်၊ ရေပေးဝေထားတဲ့ဆည်ကြီးဖြစ်ပြီးတော့ ပေါက်ခေါင်းမြို့နယ်က သောက်ရတဲ့ ဧရိယာဟာ ၄၉၀၀ကျော်ပဲရှိတယ်။ ဒါပေမယ့် အဲဒီဆည်ကြောင့်  ဘ၀ပျက်လိုက်တဲ့ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေဟာ အဲဒီဆည်ထဲမှာ ၁၅ ရွာလောက်ရှိတယ်။ အဲဒီ ၁၅ ရွာက ဘ၀ပျက်ပြီးသားဖြစ်တယ်။ အဲဒီတော့ ဒီဆည်ကြီးရဲ့ အနှစ် ၂၀ ကောင်းကျိုးအတွက် ကျေးရွာ ၁၅ ရွာဟာ စီးပွားရေးဘ၀ ပျက်ပြီးသားဖြစ်တယ်။ နောက်ထပ်ဒီဆည်ကြီးသား ထပ်ကျိုးကျမယ်ဆို လို့ရှိရင် ပေါက်ခေါင်းမြို့နယ်ဟာ ဒီထက်ပိုပြီးတော့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနိုင်စရာ အကြောင်းရှိတယ်။” ဆန္ဒပြပွဲနဲ့အတူ သဘောထားလက်မှတ်တွေကောက်ယူခဲ့ပြီး အဲဒီလက်မှတ်တွေကို နိုင်ငံတော်အဆင့်အထိ ပေးပို့သွားမယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုစံလင်းကပြောပါတယ်။ “ချောင်းရိုးတလျှောက်က ပြည်သူတွေဟာ ရပ်ရွာအေးချမ်းသာယာမှု၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်စားသောက်မှုတွေ ဒါတွေ ပျောက်လာတယ်။ ပြောင်းရွှေ့နေရတယ်။ ကျနော်ဆိုလို့ရှိရင် ကျနော့်သားတွေ ကလေးလေ စာမေးပွဲရှိနေပေမယ့်လည်း စာမေးပွဲဖြေတဲ့ အချိန်မှာသာပြန်လာဆိုပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ထားရတာရှိတယ်။ ကျနော်လိုပဲ အများကြီးပြောင်းရွှေ့နေထိုင်ကြတာတွေရှိပါတယ်။ ” ဆန္ဒပြပွဲကို ဒေသခံအင်အား ၁၀၀၀ ကျော်ကပေါက်ခေါင်းမြို့ အမှတ် ၁ ရက်ကွက် ခရိုင်ခြင်း ဆက်လမ်းဆုံကနေစတင်ခဲ့ပြီး ပြည်တောင်ငူလမ်းတလျောက် ပိုစတာတွေ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူ ဒေါ်ငယ်က “ဒီလိုကြီးသာ ဆက်နေရင် ကျမတို့ သေမှာပဲ။ ဒီဥစ္စာက ကျမတို့နဲ့ ဦးတိုက်ပဲဖြစ်နေတာ ကျမတို့ ရပ်ကွက် ၅ ခုကလည်း အကုန်လုံးက ဒုက္ခရောက်မှာပဲ။ အဲတော့က ကျမတို့ကို ပြောင်းရွှေ့ ပေးနိုင်မလား နေရာချထားပေးနိုင်မလား။ အခုဒီကနေ ပြေးပြေးဆိုတော့လည်း ဘယ်အချိန် သေမလဲ ဆိုတာ ကြည့်နေရတာ။ အဲတော့ ကျမတို့ ဒီဆည်ကြီးကို ရေမလှောင်ရေး၊ ပြည်သူလူထုကို နေရာချထားရေး၊ ဘယ်လိုမှအာမခံချက်မရှိဘဲနဲ့ မနက်ဖြန်သေမလား၊  ကနေ့သေမလား၊ ညသေမလား အဲဒါကြီးကိုစောင့်နေရတာ။ အဲလိုမျိုး စောင့်မနေနိုင်ဘူး။ ဒီထဲမှာ ရေလည်းမထိမ်းသိမ်းရေး၊ ကျမတို့ ပြည်သူလူထု စိတ်ချမ်းချမ်းသာသာနဲ့ ခေါင်းချပြီးအိပ်နိုင်အောင်လို့ အခုထက်ထိ ကျမတို့ဘယ်ပြေးလို့ပြေးရမှန်းမသိ အဲလိုကြီးတွေ နေနေရတာ။ ” လို့ ပြောပါတယ်။ တောင်နဝင်းဆည်ကြီးကို ၁၉၉၅ ခုနှစ်မှာတည်ဆောက်ခဲ့ပြီး သက်တမ်းအနေနဲ့ ၂၄ နှစ်ရှိနေ ပါပြီ။ တာဝန်ရှိသူတွေ စမ်းသပ်လေ့လာခဲ့ပေမယ့် ဆည်က ပက်ကြားအက်တွေပေါ် လာပြီး တမံနိမ့်ကျသွားတာကြောင့် ဒေသခံတွေက ဆည်ကျိုးကျမှာ စိုးရိမ်ပူပန် နေကြတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024