အိန္ဒိယလေယာဉ်တစီး ရန်ကုန်လေဆိပ်၌ အရေးပေါ်ဆင်းသက်
DVB
·
February 13, 2019
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အိန္ဒိယလေယာဉ် ၁ စီး အင်ဂျင်ချို့ယွင်းတာကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က အိန္ဒိယနိုင်ငံ INDIGO လေကြောင်းလိုင်း လေယာဉ်အမှတ် VT-IHX လေယာဉ်အမျိုးအစား A-320 ဟာ လေယာဉ်အမှုထမ်း ၆ ဦး၊ ခရီးသည် ၁၂၉ ဦးနဲ့ အိန္ဒိယနိုင်ငံ Bengaluru လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကို ပျံသန်းစဉ် လေယာဉ်ရဲ့ ယာဘက်အင်ဂျင် ချို့ယွင်းမှုကြောင့် ရန်ကုန် လေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါလေယာဉ်အား မြန်မာ့လေကြောင်း အင်ဂျင်နီယာ ၃ ဦးက စစ်ဆေးခဲ့ကြောင်း၊ ည ၇ နာရီခွဲလောက်မှာ အဆိုပါခရီးသည် ၁၂၉ ဦးအနက် ၅၉ ဦးအား MNA လေကြောင်းလိုင်းနဲ့ ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို တင်ပို့ပေးခဲ့ပါတယ်။
ကျန်ခရီးသည် ၇၀ ဦးကိုတော့ အခြားလေကြောင်းခရီးစဉ်နဲ့ ပို့ဆောင်ဖို့ စီစဉ်ထားပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ လေယာဉ်အား ဆက်လက်ပြင်ဆင်သွားမယ်လို့ သိရပါတယ်။