အိုင်အက်စ်နယ်မြေထဲမှ ပိတ်မိအရပ်သားများကို ကယ်ဆယ်ရေး အကြီးဆုံးစိန်ခေါ်မှုဟု ညွန့်ပေါင်း တပ်ပြော

991
ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းက အိုင်အက်စ်စစ်သွေးကြွတွေရဲ့ နောက်ဆုံးနယ်မြေထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ဆယ်ရွှေ့ပြောင်းရေးဟာ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦးအတွက် အကြီးဆုံး စိန်ခေါ်မှုပဲလို့ အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ ညွန့်ပေါင်းတပ် (SDF) က ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
ဘဂ်ဟောက်စ် ဒေသကနေ (SDF) တွေ တပ်စွဲထားတဲ့ နယ်မြေထဲကို လူတွေ ပြည့်နေတဲ့ ကုန်ကား ၁၇ စီးထက်မနည်း ဝင်လာတာကို ညွန့်ပေါင်းတပ်ရဲ့ တိုက်ခိုက်ရေးစစ်သည်တွေက စောင့်ကြပ်ခဲ့ပါတယ်။
ကျန်ခဲ့တဲ့ ၁၀ ရက်အတွင်း သူတို့ကိုယ်သူတို့ အီရတ် နိုင်ငံသားတွေလို့ ပြောတဲ့ အရပ်သား အယောက် ၂ သောင်းလောက် ဘဂ်ဟောက်စ် ဒေသကနေ ထွက်ပြေးခဲ့ကြတယ်လို့ (SDF) က ပြောပါတယ်။
ဘဂ်ဟောက်စ်မှာ အိုင်အဲ့စ် တိုက်ခိုက်ရေးသမား အယောက် ၄၀၀ ကနေ ၆၀၀ လောက် ရှိနေတယ်လို့ SDF က ယုံကြည်ထားပါတယ်။
“အရပ်သားတွေကို တိုက်ပွဲနေရာတွေကနေ သီးခြားထားရမယ်၊ တကယ်လို့ အရပ်သားတွေကို ကယ်ပြီးရင် တိုက်ပွဲက ရက်ပိုင်းအတွင်း ပြီးသွားမယ်” လို့ SDF အဖွဲ့ရဲ့ မီဒီယာရုံး အကြီးအကဲ မူစတာဖှာ ဘာလီက ပြောပါတယ်။
SDF တွေရဲ့ စစ်ဆင်ရေးဟာ ယူဖရေးတီးစ် မြစ်ရဲ့ အရှေ့ပိုင်းဒေသတွေကို အာရုံစိုက် ထားပါတယ်။ မြစ်အနောက်ပိုင်းက နယ်မြေတွေကိုတော့ ဆီးရီးယား အစိုးရတပ်တွေနဲ့ မဟာမိတ် တွေက တပ်စွဲထားပြီး တောင်တန်းဒေသတွေမှာတော့ အိုင်အက်စ်တွေ ခြေကုပ်ယူထားပါတယ်။