မြန်မာအမျိုးသမီးအသင်း အီရန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရ ဗိုလ်လုပွဲတက်

အိန္ဒိယနိုင်ငံမှာ မနေ့ညနေက ကျင်းပတဲ့ HERO GOLD CUP 2019 ဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းက အီရန်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပါတယ်။ ဒီနှစ်သင်းယှဉ်ပြိုင်ကစားရာမှာ ပုံမှန် မိနစ် ၉၀ ပွဲပြီးချိန်အထိ ဂိုးမသွင်းနိုင်ဘဲ နာကျင်အချိန်ပိုကျမှ မြန်မာ့အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို  ၉၁ မိနစ်နဲ့ ၉၅ မိနစ်တွေမှာ ရီရီဦးက ဆက်တိုက်သွင်းယူပေးခဲ့တာပါ။ ၈၇ မိနစ်မှာ လူစားဝင်ကစားပြီး အနိုင်ဂိုး ၂ ဂိုးသွင်းယူခဲ့တဲ့ ရီရီဦးက “အသင်းတွက် နိုင်ပွဲတပွဲ ရရှိအောင် ကြိုးစားပေးနိုင်ခဲ့လို့ အရမ်းဝမ်းသာတယ်။ ကျမရဲ့ ခံယူချက်ကတော့ ဘယ်ချိန်ပဲ လူစားလဲလဲ ကစားခွင့်ရတဲ့အချိန်မှာ ကိုယ့်နိင်ငံအတွက် ကိုယ့်အသင်းတွက် အသုံးဝင်တဲ့ အရာလေးတခု လုပ်ခဲ့ရတာကို ကျေနပ်ပါတယ်။ အဲဒါကြောင့် အရမ်းပျော်ပါတယ်။ ကျမဆရာတွေအတွက်ရော၊ နိုင်ငံအတွက်ရော၊ ဒီလိုမျိုးဂိုးသွင်းနိုင်တဲ့ အတွက်ရော ပျော်ပါတယ်။ အသင်းဖော်တွေလည်း ကစားခဲ့ရတာ အရမ်းပင်ပန်းပါတယ်။ သူတို့အတွက်ရော အကုန်လုံး ပျော်ရွှင်မှုပေးနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်” လို့ မြန်မာဘောလုံးအဖွဲ့ချုပ်လူမှုကွန်ရက်မှာ ပြောပါတယ်။ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာ အိမ်ရှင် အိန္ဒိယ၊ အီရန်၊ နီပေါနဲ့ မြန်မာအသင်းတွေ ၀င်ရောက် ယှဉ်ပြိုင်နေတာဖြစ်ပြီး မြန်မာအသင်းဟာ အဖွင့်ပွဲစဉ်မှာ နီပေါကို ၃-၀ ဂိုးနဲ့ အနိုင်ရပြီး နှစ်ပွဲနိုင်ကာ ဗိုလ်လုပွဲတက်ရောက်သွားတာဖြစ်ပါတယ်။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up