မန္တလေးတွင် ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ဖမ်းမိ
အေးနိုင်
·
September 26, 2012
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ ကျပ် ၁ သောင်းတန် ငွေစက္ကူတွေနဲ့ ငွေစက္ကူ အတု ပြုလုပ်သုံးစွဲသူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့နယ်ရဲစခန်းက ပြောပါတယ်။
ပြည်ကြီးတံခွန်ရဲစခန်း တာဝန်ကျအရာရှိတဦးက ဒီအမှုကို စီအိုင်ဒီ (မှုခင်းရဲတပ်ဖွဲ့) က ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
[caption id="attachment_26487" align="alignleft" width="263" caption="ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအစစ်"][/caption]
“စီအိုင်ဒီက ဖမ်းတာဗျ။ သူတို့ပဲ အမှုဖွင့်ပြီး စစ်တာ။ လောလောလတ်လတ် သူတို့မိတာက အားလုံးပေါင်း. ထွက်ချက်အရတော့ ပထမ ၅ ရွက်တည်း။ စီအိုင်ဒီက ပြောပြချက်အရကတော့ အားလုံး ၄၃ ရွက်ထုတ်တယ် ပြောတယ်။ ၄၃ ရွက်ကို ၃၅ ရွက်မိပြီလို့တော့ သိရတယ်။”
ကွမ်းယာဆိုင်မှာ ကျပ်ငွေ ၁ သောင်းတန်အတုနဲ့ ဈေးလာဝယ်တာကို ဆိုင်ရှင်က မသင်္ကာလို့ မှုခင်းရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တရားခံ ၃ ဦးကို ဖမ်းမိထားပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ပိုက်ဆံအတုတွေ၊ ပိုက်ဆံလုပ်တဲ့ ပရင့်တာတွေကိုပါ သိမ်းသွားပြီလို့ ဆိုပါတယ်။
ဒီပိုက်ဆံအတုတွေကို ပိုက်ဆံအစစ်ကနေ ပရင့်တာနဲ့ မိတ္တူကူး/ ကျောချင်းကပ်ပြီး ဖြတ်စက် နဲ့ ဖြတ်တောက်သုံးစွဲကြတာလို့ ဆိုပါတယ်။ အတုနဲ့အစစ်ဟာ သိပ်သိသာတယ်လို့ ရဲအရာရှိက ပြောပါတယ်။ အတုဟာ ချောမွတ်နေပြီး အစစ်က ငွေရောင်နေရာမှာ မည်းနေတယ်လို့ ဆိုပါတယ်။