Email This Story :
အစ္စရေးကို ဒုက္ခပေးသူ အားလုံးဆီကို စစ်တပ်ရောက်လာမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
ဂျေရုဆလင်မြို့စွန်က သစ်တောထဲမှာ အစ္စရေး အမျိုးသမီးတယောက်ကို သတ်ခဲ့တယ်လို့ သံသယရှိတဲ့ ပါလက်စတိုင်း တယောက်ကို ဖမ်းအပြီးမှာ ခုလိုပြောလိုက်တာလို့ ရဲတွေက ပြောပါတယ်။
အသက် ၁၉ နှစ်အရွယ် အိုရီ အန်းစ်ဘတ်ချာကို သတ်မှုအတွက် အသက် ၂၉ နှစ်အရွယ် ပါလက်စတိုင်း သံသယရှိသူကို သိမ်းပိုက်ခံ အနောက်ဘက် ကမ်းပါးက ရာမယ်လာမြို့ထဲမှာ စီးနင်း ဖမ်းဆီးခဲ့တယ်လို့ အစ္စရေးရဲ့ ရှင်းဘတ် ပြည်တွင်းလုံခြုံရေးဌာနနဲ့ ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
သံသယရှိသူဟာ ဟီဘရွန်မြို့ထဲက သူ့အိမ်ကနေ ဓားတချောင်းယူပြီးနောက် အမျိုးသမီးကို သစ်တောထဲမှာ တွေ့ပြီး သတ်ခဲ့တယ်လို့ ရှင်းဘတ်အဖွဲ့က ပြောပါတယ်။ သတ်ဖြတ်ရတဲ့ နောက်ကွယ်က အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေဆဲပါ။
အစ္စရေး စစ်တပ်ဟာ သံသယရှိသူရဲ့ ဟီဘရွန်မြို့တွင်း နေအိမ်ကို ဖေဖော်ဝါရီ ၉ ရက်မှာ ရောက်လာပြီး အိမ်ကို ဖြိုဖို့ ဖြစ်နိုင်သလားဆိုတာ စစ်ဆေးနေတယ်လို့ စစ်တပ်ပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပါတယ်။
ပါလက်စတိုင်း အာဏာပိုင်တွေကတော့ မှတ်ချက် မပေးသေးပါဘူး။
သေဆုံးသူ အမျိုးသမီးအတွက် ဖယောင်းတိုင် ထွန်းညှိဆုတောင်းပွဲကို စနေညက ဂျေရုဆလင် မြို့လယ်မှာ ကျင်းပခဲ့ပါတယ်။
သေဆုံးသူ အမျိုးသမီးကို သူနေထိုင်ရာ အနောက်ဘက်ကမ်းပါးက တေကိုအာ မြို့သစ်မှာ ဖေဖော်ဝါရီ ၈ ရက်က မြှုပ်နှံခဲ့ပါတယ်။