သရပါဟိုတယ် အလုပ်ဖြုတ်ခံ အလုပ်သမားများ ၇ ကြိမ်မြောက် ဆန္ဒပြ
DVB
·
February 11, 2019
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ သရပါဟိုတယ်မှ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေဟာ အလုပ်အကိုင်ပြန်လည်ရရှိရေးအတွက် သရပါဟိုတယ် အနီးမှာ မနေ့က ၇ ကြိမ် မြောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဟော်တယ်ချစ်သူ မြို့နယ်လုံးဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း HLOB ဥက္ကဋ္ဌ ဦးသိန်းရွှေက “ဒီအလုပ်ကို မလုပ်လို့ ငတ်သွားမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် အလုပ်သမား အဖွဲ့အစည်းကို ဖြိုခွဲတာ ပေါ်လွင်တယ်။ အခုလိုလုပ်နေရင် နောက်ဆက်တွဲ ဟော်တယ်တွေမှာ လုပ်နေတဲ့ အလုပ်သမားတွေအပေါ် ဖိနှိပ်ခံရလာနိုင်လို့ အခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်”လို့ ပြောပါတယ်။
ဆန္ဒဖော်ထုတ်ရာမှာ သရပါ ဟိုတယ်မှ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ခေါင်းဆောင်တွေ ပြန်လည်ခန့်ထားရေး၊ မတရားအလုပ်ထုတ်ခြင်းများ ရပ်တန့်ရေး၊ အလုပ်သမားသမဂ္ဂ ဖြိုခွင်းသူများ အလိုမရှိ၊ ပုဂံဒေသခံများအပေါ် ဂုတ်သွေးစုတ် အမြတ်ထုတ်သော ခရိုနီများအလိုမရှိ၊သရပါ ဟိုတယ်မြေအငှားချထားမှုအပေါ် အစိုးရက ပြန်လည်စိစစ်ပေးရေး စတာတွေ ကြွေးကြော်ပြီး အင်အား ၃၀ လောက်နဲ့ ဆန္ဒပြခဲ့ကြတာပါ။
HLOB မှ အလုပ်အမှုဆောင် ဦးညိုက “မန္တလေးတိုင်း ဝန်းကြီးဌာနအဖွဲ့ က အဆင်ပြေအောင်ကူညီပေးမယ်လို့ အာမခံထားပြီး အချိန်နှစ်လ ကြာတဲ့အထိ မျှော်မှန်းသလို ဖြစ်မလာဘူး။ လှုပ်ရှားမှုတခုခုလုပ်မှ အသိပြန်ဝင်မယ်ဆိုတဲ့ အနေအထားနဲ့ ပြန်လည် ဆောင်ရွက်ရခြင်းဖြစ်တယ်”လို့ ပြောပါတယ်။
ပုဂံသရပါဟိုတယ် အလုပ်သမာတွေအနေနဲ့ အလုပ်ပြန်လည်ရရှိဖို့အတွက် ၂၀၁၈ အောက်တိုဘာ ၁၂ ရက်က စတင်ပြီး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာမှာ ၂လအကြာမှာ သပိတ်စခန်းဖြိုခွင်းခံခဲ့ရပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလည်း သရပါဟိုတယ်က အလုပ်ထုတ်ခံအလုပ်သမားများ အပြင် ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနဲ့ ပါဝါဓာတ်ခဲစက်ရုံက အလုပ်ထုတ်ခံ အလုပ်သမားတွေ စုပေါင်းပြီး ပုဂံကနေ နေပြည်တော် ချီတက်ဆန္ဒပြခဲ့ရာမှာလည်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပါတယ်။
သပိတ်စခန်းဖွင့်လှစ်မှုကြောင့် ပုဂံသရပါဟိုတယ်အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုနေမျိုးဝင်း အပါအ၀င် သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ အလုပ်ထုတ်ခံ အလုပ်သမား ၁၃ ဦးတို့ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုရင်ဆိုင်နေရပါတယ်။
ကိုလင်း(ချောက်)