မန်စီးတီးက ချဲလ်ဆီးကို ၆ ဂိုးပြတ် အနိုင်ရရှိ (ရုပ်သံဟိုက်လိုက်)

1.4K
အခုတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးနှစ်သင်း တွေ့ဆုံတဲ့ပွဲမှာ အိမ်ရှင် မန်ချက်စတာစီးတီးက ချဲလ်ဆီးကို ဂိုးဒါဇင်ဝက်သွင်းပြီး ၂၀၀၇ ခုနှစ်က ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်မှုကို ကလဲ့စားချေနိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ ကလန်ဒန်ဒါဘီမှာ အာဆင်နယ်ဘက်ကို ဟက်ထရစ်သွင်းယူခဲ့တဲ့ အဂူရိုအတွက် နှစ်ပတ်အတွင်း ဒုတိယမြောက် ဟက်ထရစ်ရရှိခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
တိုက်စစ်မှာ အဂူရို၊ ဆေးလ်ဗားတို့နဲ့ ပွဲထွက်လာခဲ့တဲ့ အိမ်ရှင်အသင်းဟာ ပွဲစတာနဲ့ တဖက်သတ် ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီးတော့ ချဲလ်ဆီးနောက်တန်းကို အလုပ်များစေခဲ့ပါတယ်။
ပွဲစပြီး ၄ မိနစ်မှာတင် စတာလင်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ နောက်ထပ် ၁၃ မိနစ်နဲ့ ၁၉ မိနစ်မှာ အဂူရိုက ၂ ဂိုးဆက် သွင်းယူပါတယ်။ နောက်ထပ် ၆ မိနစ်အကြာမှာတော့ ကွင်းလယ်လူ ဂန်ဒိုဂန်က စတုတ္ထဂိုးသွင်းယူပေးခဲ့တာကြောင့် ပွဲကစားချိန် ၂၅ မိနစ်ကျော်မှာတင် မန်ချက်စတာစီးတီးက ၄ ဂိုးပြတ်နဲ့ဦးဆောင်နေခဲ့ပါတယ်။
ပထမပိုင်းပွဲပြီးဆုံးလို့ ဒုတိယပိုင်းပြန်စပြီး ၁၀ မိနစ်ကျော်ကျော်မှာ အဂူရိုကပဲ ပင်နယ်တီကနေတဆင့် သူ့ရဲ့ တတိယမြောက်သွင်းဂိုးကို ရယူသွားခဲ့တာကြောင့် အိမ်ရှင်တို့ ၅ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲကစားချိန် မိနစ် ၈၀ မှာတော့ ဒီပွဲမှာ အဂူရိုပြီးရင် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ရမယ့် စတာလင်က ဆဌမမြောက်သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။
အဂူရိုဟာ အခုရာသီ ဂိုးသွင်းအများဆုံးကစားသမားဆုအတွက် လီဗာပူးတိုက်စစ်မှူး ဆာလက်နဲ့အတူ ၁၇ ဂိုးသွင်းယူပြီး ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
ဒီပွဲစဉ်ကို ချဲလ်ဆီးအသင်းနဲ့ လာမယ့်ရက်အတွင်း အက်ဖ်အေဖလား ရှုံးထွက်အဆင့်ကစားရမယ့် မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။
မန်စီးတီးအသင်းရဲ့ သွင်းဂိုး ၆ ဂိုးမှာ ၄ ဂိုးဟာ နောက်တန်းကစားသမားတွေရဲ့ အမှားတွေကြောင့် ပေးခဲ့ရတာ ဖြစ်လို့ ချဲလ်ဆီးနည်းပြ ဆာရီရဲ့ နည်းစနစ်ပိုင်းကို မေးခွန်းထုတ်နေကြပြီး ရာထူးမှာ ဆက်လက်တည်မြဲဖို့ မသေချာဖြစ်နေတယ်လို့ သိရပါတယ်။
အမှတ်ပေးဇယားမှာတော့ မန်စီးတီးအသင်းက တပွဲပိုကစားပြီး ရမှတ် ၆၅ မှတ်၊ လီဗာပူးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၁ မှာ ရပ်တည်နေပါတယ်။ ချဲလ်ဆီးအသင်းကတော့ ရမှတ် ၅၀ နဲ့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။