
အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်၍ ညှိနှိုင်းစရာ အနည်းငယ်သာရှိဟု အာဖဂန် သံအမတ်ပြော

Email This Story :
တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးစားရာမှာ အလားအလာ ရှိပေမယ့် အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ရင်တော့ ညှိနှိုင်းစရာ အခန်းကဏ္ဍ နည်းနည်းပဲ ရှိတယ်လို့ အမေရိကန် နိုင်ငံဆိုင်ရာ အာဖဂန်သံ အမတ်ကြီးက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။
“အမျိုးသမီး အခွင့်အရေးတွေဟာ ညှိနှိုင်းလို့မရတဲ့ အခြေခံအကြောင်းလို့ ကျမယုံတယ်။ ဒါကို ထိန်းသိမ်းရလိမ့်မယ်” လို့ သူက ရိုက်တာသတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး စစ်ပွဲကို အဆုံးသတ်ရေး အစ္စလာမ္မစ် အမာခံ လှုပ်ရှားသူတွေနဲ့ ဆွေးနွေးပွဲတွေ အရှိန်မြှင့်လုပ်ဖို့ အရေးကြီး ကြောင်း အောက်လွှတ်တော်ကိုပြောတဲ့ နိုင်ငံအခြေအနေပြ မိန့်ခွန်းထဲမှာ ဖိအားပေး ပြောခဲ့ပါတယ်။
အာဖဂန်နစ္စတန်အခြေစိုက် အမေရိကန်စစ်တပ်ကို ဇာတိမြေဆီ ပြန်ခေါ်ချိန်မှာ တခြား အသေးစိတ် အချက်အလက်တွေကို ထရမ့်က မကမ်းလှမ်းပါဘူး။ ဒါပေမယ့် တာလီဘန်တွေနဲ့ ညှိနှိုင်းရာမှ ရလာမယ့် တိုးတက်မှုတွေထဲမှာ တပ်အင်အားလျှော့ချရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အာရုံစိုက်ရမယ်လို့ ပြောပါတယ်။
မနှစ်ကစပြီး အမေရိကန် အရာရှိတွေဟာ တာလီဘန်တွေနဲ့ ဆွေးနွေးပွဲ အကျော့ အတော်များများကို ကာတာနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။
ဒါဟာ ၁၇ နှစ်ကြာ စစ်ပွဲအတွင်း ငြိမ်းချမ်းရေးအတွက် အလေးအနက်ထားတဲ့ အားထုတ်မှု အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားပါတယ်။
အရင်လက ညှိနှိုင်းခဲ့တဲ့ နောက်ဆုံးအကျော့ ဆွေးနွေးပွဲအပြီး တိုးတက်မှုတွေကို အမေရိကန်နဲ့ တာလီဘန် နှစ်ဖက်စလုံးက ကောင်းချီးပေးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်မှာ တာလီဘန် ကိုယ်စားလှယ်တွေနဲ့ ထပ်ပြီး တွေ့ဆုံဖို့ကိုလည်း စီစဉ် ထားပါတယ်။