ဘရာဇီး ဘောလုံးသင်တန်းကျောင်း မီးလောင်မှု ၁ဝ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့က ဖှလဲမင်ဂိုး ဘောလုံးအသင်းရဲ့ သင်တန်းဌာနမှာ မီးလောင်လို့ လူငယ်ဘောလုံးသမား ၁၀ ဦးသေဆုံးပြီး တခြား ၃ ဦး ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး CNN သတင်းဌာနမှာ ဒီနေ့ ဖော်ပြပါတယ်။ ဒဏ်ရာရသူတွေဟာ ဆေးရုံပေါ်မှာ ဆေးကုသခံနေကြပြီလို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ လူငယ်ဘောလုံးသမား တယောက်ကတော့ လည်ပင်းနဲ့ လက်တွေအပါအဝင် ကိုယ်ခန္ဓာရဲ့ ၃၅ ရာခိုင်နှုန်း ထိ မီးလောင်ခံခဲ့ရတာပါ။ သောကြာမနက် ဒေသစံတော်ချိန် ငါးနာရီမှာ မီးလောင်ချိန်က လူများစုဟာ အိပ်ပျော်နေခဲ့တယ်လို့ ဒေသခံမီးသတ်ဌာနက ပြောပါတယ်။ ဖှလဲမင်းဂိုး ဘောလုံးအသင်းဟာ ဘရာဇီးရဲ့ အကြီးဆုံးနဲ့ လူကြိုက်အများဆုံး ကလပ်အသင်းတွေထဲက တသင်းပါ။ အိမ်ပွဲတွေကို ရီယိုမြို့မှာ ကစားလေ့ရှိပါတယ်။ ရီယိုမြို့ အုပ်ချုပ်ရေးမှူးက ထိခိုက်သေဆုံးသူတွေကို သတိရ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် ကြေညာထားတယ်လို့ အစိုးရပိုင်း သတင်းဌာန အေဂျန်စီယာ ဘရာဇီးလ်က အစီရင်ခံပါတယ်။ ကနဦး စစ်ဆေးမှုအရ လေအေးပေးစက်ကနေ ဝါယာရှော့ဖြစ်ပြီး မီးလောင်တာ ဖြစ်နိုင်တယ်လို့ တွက်ဆပြီး ဒေသန္တရ အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို စနေနေ့ထိ ဆက်လုပ်နေဆဲပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up