မောင်တောတွင် သင်္ကန်းမျိုးစုံ ၃၅၀ ကျော် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
DVB
·
February 10, 2019
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မနေ့က ညပိုင်းက သင်္ကန်းမျိုးစုံ ၃၅၅ စုံ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၉ ရက် ည ၇ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ နယ်မြေ ၃ အတွင်း နယ်စပ်ခြံစည်းရိုး တလျောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ လှည့်ကင်းဆောင်ရွက်စဉ် နယ်စပ်မှတ်တိုင် ၃၆ အနီး လျှိုအတွင်း ရေပြွန်ပေါက်အနီးမှ တောတိုးသံနဲ့ စကားပြောသံတွေ ကြားရတဲ့အတွက် စိစစ်စဉ် ဆာလာ အိတ်ထုပ်တွေကိုပစ်ချပြီး လူအချို့ ချုံအတွင်း တိုးဝင်ထွက်ပြေးသွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါနေရာမှ ဆာလာအိတ် ၉ အိတ်နဲ့ထည့်ထားတဲ့ သင်္ကန်းမျိုးစုံ ၃၅၅ စုံကို သိမ်းဆည်းရမိခဲ့တဲ့အတွက် လုပ်ထုံး လုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။