ထရမ့်နှင့် ကင်ဂျုံအန်း ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲ ဗီယက်နမ်တွင် လုပ်မည်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ ဒုတိယအကြိမ်မြောက် ထိပ်သီးညီလာခံကို ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ “ကင်ဂျုံအန်းနဲ့ ဒုတိယ ထိပ်သိးညီလာခံအတွက် အချိန်နဲ့နေ့စွဲကို သဘောတူခဲ့ပြီ။ အင်မတန် အကျိုးရှိတဲ့ အစည်းအဝေးအပြီးမှာ ကျနော့်ကိုယ်စားလှယ်တွေ မြောက်ကိုရီးယားကနေ ပြန်လာနေကြပါပြီ။ ညီလာခံကို ဗီယက်နမ် ဟနွိုင်းမြို့တော်မှာ ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်တွေမှာ ကျင်းပမယ်” လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာ လူမှုကွန်ရက်မှာ ပြောပါတယ်။ မြောက်ကိုရီးယားအတွက် အမေရိကန်အထူးကိုယ်စားလှယ် စတီဖှန် ဘေးဂွန်ဟာ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းမှာ ၃ ရက်ကြာ အစည်းအဝေးတက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးရုံးက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြောပါတယ်။ ကွန်မြူနစ် အစိုးရ အုပ်ချုပ်တဲ့ ဗီယက်နမ်နိုင်ငံဟာ အမေရိကန်နဲ့ရော မြောက်ကိုရီးယားနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ဗီယက်နမ်စစ်ပွဲအတွင်း ရန်သူဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ အခုချိန်မှာ ဆက်ဆံရေး ပုံမှန်ဖြစ်ကြောင်း ပြသတဲ့အနေနဲ့ ထိပ်သီးညီလာခံကို လက်ခံကျင်းပဖို့ ဗီယက်နမ်ဟာ စိတ်အား ထက်သန်နေခဲ့တယ်လို့ အစိုးရအရာရှိ တယောက်နဲ့ သံတမန်ရင်းမြစ် ၂ ခုက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ကင်နဲ့ ထရမ့်တို့ဟာ သမိုင်းဝင် ပထမအကြိမ် ထိပ်သီးညီလာခံအတွင်း ၂၀၁၈ ဇွန်လက စင်ကာပူနိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမယ့် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး တိုးတက်မှုတွေ ဖြစ်ထွန်းအောင် လုပ်ဖို့ ကြိုးစားရုန်းကန်နေကြဆဲပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up