Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်အတွင်း တိုင်ကြားစာ ၆၀၀ ကျော် စစ်ကိုင်းတိုင်းလွှတ်တော် လက်ခံရရှိ
Aung Ko Latt
·
February 10, 2019
၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို တိုင်ကြားစာပေါင်း ၆၀၀ ကျော် လက်ခံရရှိခဲ့တယ်လို့ လွှတ်တော်ဒုဥက္ကဋ္ဌက ပြောပါတယ်။ လွှတ်တော်အနေနဲ့ တိုင်ကြားစာပေါင်း ၆၂၈ စောင်လက်ခံရရှိခဲ့ပြီး အဲဒီထဲက တချို့ တိုင်ကြားစာတွေကတော့ လွှတ်တော်ရုံးကနေ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်လို့ မရတာကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနတွေကို ပေးပို့တာ၊ လွှတ်တော်ရေးရာ ကော်မတီတွေက ကွင်းဆင်းစစ်ဆေးလို့ရတဲ့ တိုင်ကြားစာတွေကို တာဝန်ပေးစိစစ်စေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်က ဆိုပါတယ်။ “သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို တိုင်ကြားစာအနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုင်ကြားစာ ၁၉၁ စောင်၊ တိုင်းတရားသူကြီးချုပ်ကို တိုင်ကြားစာ ၁၆ စောင်၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တိုင်ကြားစာ ၇ စောင်၊ တိုင်းရဲတပ်ဖွဲ့မှုးရုံးကို တိုင်ကြားစာ ၁ စောင်၊ တိုင်းထွေအုပ်ကို ၁စောင်၊ တခြားဝန်ကြီးဌာနနှင့် တိုင်းမြေစစ်ဌာနကို တိုင်စာ ၂၈ စောင်၊ လွှတ်တော်ရေးရာကော်မတီကို လွှဲပြောင်းတာ ၃၇ စောင်၊ တိုင်းဒေသကြီးကိုယ်စားလှယ်တွေကို စိစစ်တင်ပြဖို့ လွှဲပြောင်းပေးတာ ၁၄ စောင်၊ တိုင်ကြားသူ ကာယကံရှင်ကို လုပ်ဆောင်ထားရှိမှု ပြန်ကြားစာ ၅ စောင်၊ စုစုပေါင်း တိုင်ကြားစာ ၃၀၀ စောင်လွှဲပြောင်းပေးပြီး စိစစ်ဆောင်ရွက်ခဲ့ပြီး တိုင်ကြားစာ ၃၂၈ စောင်မှာ သက်ဆိုင်ရာ ဌာနတွေကို လိပ်မူတိုင်ကြားထားပြီး လွှတ်တော်ကို မိတ္တူပေးပို့ထားတာတွေ ဖြစ်ပါတယ်။” ၂၀၁၈ ခုနှစ်မှာ လုပ်ငန်းဆောင်ရွက်ချက်တွေက ၂၀၁၇ ခုနှစ်ကထက် အများကြီး သာလွန်ကောင်းမွန်လာတယ်လို့လည်း ဆိုပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း စစ်ကိုင်တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ပုံမှန်အစည်းဝေး ၁၆ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ် စုစုပေါင်း အကြိမ် ၂၀ ထိ ကျင်းပထားပြီးဖြစ်ပါတယ်။ အစည်းအဝေးအကြိမ် ၂၀ အတွင်း ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၀၁၈ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၄၁၀ ခု၊ စုစုပေါင်း ၁၄၂၈ ခုနှင့် အဆို၂၃ခုမှာ ၁၈ ခုကို အတည်ပြုခဲ့ပြီး ၃ ခုကို မှတ်တမ်းတင်ကာ ၂ ခုကိုတော့ လက်ခံဆွေးနွေးရန်မသင့်အဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေ ၁၂ ခုလွှတ်တော်ကို တင်သွင်းထားရာမှာ ၆ ခုကို အတည်ပြုခဲ့ပြီး ၅ ခုကို စိစစ်နေဆဲဖြစ်ကာ ၁ ခုကိုတော့ လက်ခံဆွေးနွေးဖို့ မသင့်တဲ့အတွက် ပယ်ချခဲ့ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကိုလည်း ကျင်းပနေဆဲဖြစ်ပြီး ကိုယ်စားလှယ်အသီးသီးက ကြယ်ပွင့်ပြမေးခွန်း ၁၆၄ ခု၊ ကြယ်ပွင့်မပြ ၈၅ ခု စုစုပေါင်း ၂၄၅ ခုနှင့် အဆို ၂ ခုတို့ကို တင်သွင်းဆွေးနွေး မေးမြန်းသွားမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ ကျင်းပနေဆဲ ပုံမှန်အစည်းအဝေးအပါအဝင် ၇ ကြိမ်ကျင်းပ သွားမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ရွေးကောက်ပွဲမတိုင်ခင်အထိ ပုံမှန်အစည်းအဝေး ၅ ကြိမ်ကျင်းပဖို့ လျာထားတယ်လို့လည်း လွှတ်တော်က ကြေညာထားပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အနေနဲ့ ၁၇ ကြိမ်မြောက်အစည်းအဝေး ရှိလာသည်အထိ မေးခွန်း ၁ ခုမှ မမေးမြန်းသေးတဲ့ ကိုယ်စားလှယ်လည်း ရှိနေသေးတယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပြုရေး၊ ပြည်သူကို ကိုယ်စားပြုရေး၊ အစိုးရအဖွဲ့ကို စောင့်ကြည့်ထိန်းညှိရေး စတဲ့ လုပ်ငန်းတာဝန် ၃ ရပ်ကိုကျေပွန်အောင် ဆောင်ရွက်နိုင်ကြဖို့ကိုလည်း မှာကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024