Homeမြန်မာသတင်း
ကျပ် ၁၀၀၀ နှင့် ၅၀၀ တန်ထီ ၂ ခုပေါင်း ကျပ်သိန်း နှစ်သောင်းခွဲ တံဆိပ်ကပ်ရောင်းချသည့်အပေါ် ဝေဖန်
ကျပ် ၁၀၀၀ နှင့် ၅၀၀ တန်ထီ ၂ ခုပေါင်း ကျပ်သိန်း နှစ်သောင်းခွဲ တံဆိပ်ကပ်ရောင်းချသည့်အပေါ် ဝေဖန်
DVB
·
February 10, 2019
ကျပ်တစ်ထောင်တန်နဲ့ ငါးရာတန်ထီလက်မှတ် နှစ်ခုပေါင်းပြီး ကျပ်သိန်းနှစ်သောင်းခွဲဆု တံဆိပ်ကပ်ရောင်းချနေတဲ့အပေါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။
မကွေးမြို့တွင်းကို ကားလေးနဲ့ လှည့်လည်ထီရောင်းတဲ့ ဦးမောင်ကိုက "ထီလက်မှတ်ဈေးနှုန်းတွေ မြင့်တက်သွားပြီး လူတိုင်းမထိုးနိုင်တော့ ရောင်အားသိပ်မကောင်းဘူး။ ငါးရာတန်ကပေါက်ရင် သိန်းတစ်သောင်း၊ တစ်ထောင်တန်ထီက ပေါက်ရင် သိန်းတစ်သောင်းခွဲဆု ကို နှစ်ခုပေါင်းပြီး လူတွေပိုပြီးစိတ်ဝင်စားအောင် ကျပ်သိန်းနှစ်သောင်းခွဲဆိုပြီး လူထုကို လှည့်စားသလိုဖြစ်နေတယ်”လို့ပြောပါတယ်။
မကွေးမြို့ ထီဝါသနာရှင်တဦးဖြစ်တဲ့ ကိုဝင်းထွန်းက “အမှန်ကတော့ တမျိုးတည်းသာ ရောင်းသင့်ပြီး နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း ဆိုတာက ထီဆိုင်တွေက လုပ်စားတဲ့သဘောလို့ မြင်တယ်။ နိုင်ငံတော်က ထုတ်တာက တစ်ထောင်တန်၊ သိန်းတစ်သောင်းခွဲနဲ့ ငါးရာတန် သိန်းတစ်သောင်း နှစ်ထပ်ကွမ်းက မဖြစ်နိုင်ဘူး။ ၅၀၀၀၀ ကျပ်ဆုတောင်ပေါက်ဖို့ မလွယ်တာ ကာစတန်မာကို လှည့်စားတဲ့သဘောပဲ” လို့ ဆိုပါတယ်။
ထီဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်ဝင်းက "နှစ်မျိုးလုံကို စိတ်ဝင်စားသူတွေအတွက် နှစ်ထပ်ကွမ်း ကျပ်သိန်းနှစ်သောင်းခွဲဆု ထီလက်မှတ်တွေကို ရောင်းချပေးပါတယ်။ ကျပ်တစ်ထောင်တန် ထီလက်မှတ်စတင်ထုတ်တဲ့လမှာ ငါးရာတန် ထီလက်မှတ် တွေကို လျှော့ထုတ်ထားတာပါ။ တစ်ထောင်တန်ထီလက်မှတ်ကို မြှင့်တင်ထုတ်လုပ်လိုက်ပြီး ငါးရာကျပ်တန် ထီလက်မှတ်တွေက နောက် ၂ ကြိမ်ခန့်သာ ထုတ်တော့မယ်လို့သိရပါတယ်"လို့ ပြောပါတယ်။
အောင်ဘာလေသိန်းဆုဌာနခွဲက အောင်ဘာလေထီလက်မှတ်တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ကစပြီး ကျပ်တစ်ထောင်တန်ထီလက်မှတ်က သိန်းတစ်သောင်းခွဲဆု၊ ငါးရာတန်ထီလက်မှတ်ကို သိန်းတစ်သောင်းဆု ဆိုပြီး နှစ်မျိုးရောင်းချပေးနေတာပါ။
သတင်း-မင်းထီး