တရားဥပဒေစိုးမိုးရေးကော်မတီ တရားရုံးလေ့လာရေးခရီးစတင်
ရွှေအောင်
·
September 25, 2012
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်တရားရုံးကို ဒီနေ့ ပထမဆုံး သွားရောက်လေ့လာခဲ့ကြပါတယ်။
ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်နဲ့ အဖွဲ့ဝင် ၄ ဦးတို့ဟာ တာမွေတရားရုံးကို ဒီနေ့ မနက်ပိုင်းက သွားရောက် လေ့လာခဲ့ကြရာမှာ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်ချက်တွေကို လေ့လာတွေ့ရှိ ခဲ့တယ်လို့ ဦးဝင်းမြင့်က ပြောပြပါတယ်။
[caption id="attachment_31259" align="alignleft" width="300" caption="တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ပထမအကြိမ် အစည်းအဝေးပြုလုပ်ခဲ့စဉ်က"][/caption]
“ရှေ့နေ ၁ ဦးနဲ့ ကျနော်တို့က တရားဝင်ပုံစံအရ တွေ့သလို အပြင်ဘက်မှာ ကျန်တဲ့ရှေ့နေတွေ နဲ့ အမှုသည်တွေနဲ့ တွေ့တဲ့အခါမှာလည်း တချို့ကျတော့လည်း အမှုပွဲစားတွေနဲ့ ရှေ့နေတွေက အလုပ်လုပ်နေတာလည်း တွေ့ခဲ့ရတာပေါ့။ အဲဒါတွေလည်း တရားဥပဒေစိုးမိုးရေး အတွက် ရှေ့နေတွေကိုလည်း အကူအညီပေးဖို့ ဆွေးနွေးခဲ့တာပေါ့။ ကျနော်တို့ကလည်း သွားဖို့ကို ၇ ရက်လောက် ကြိုတင် သတင်းပို့ထားရတာ ဆိုတော့ ရှေ့နေ အတွက်ကတော့ ကောင်းသွား တာပေါ့။ ရှေ့နေအဖွဲ့ကတော့ တနေ့ကမှ နားနေခန်း အခန်း ၁ ခန်းရတယ်တဲ့။”
ကော်မတီအဖွဲ့ဝင်တွေဟာ တရားရုံးအပြင်နဲ့ တွဲလျက် အချုပ်ခန်းတွေကိုလည်း လေ့လာကြည့်ရှု ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၆ ရက်မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ၂၇ ရက် မှာ ရန်ကုန်တိုင်း တရားရုံးတို့ကိုလည်း ဆက်လက် လေ့လာ သွားကြမှာဖြစ်ပြီး လေ့လာတွေ့ရှိချက်တွေ ကို ကော်မတီဥက္ကဋ္ဌထံ တင်ပြသွားမယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။
ပြည်သူ့လွှတ်တော်ရဲ့ သဘောတူညီချက်အရ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ရ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။
ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုကို ခရီးလှည့်နေ စဉ် ကော်မတီအဖွဲ့ဝင်တွေက တရားရုံးတွေမှာ သွားရောက်လေ့လာ မှုတွေ ပြုလုပ်နေတာပါ။