Home
မြန်မာသတင်း
အိန္ဒု-ကော့ကရိတ်လမ်း ပြင်ဆင်မှုမရှိပါက လမ်းတံတားကြေးကောက်ခံမှုရပ်ဆိုင်းရန် တင်ပြမည်
DVB
·
February 9, 2019
ကရင်ပြည် အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြင့်တင်ရေးစီမံကိန်း ရပ်ဆိုင်းထားစဉ်ကာလ ပြင်ဆင်ထိန်းသိမ်းမှုမရှိဘဲ ဆက်လက်ဆိုးဝါးနေပါက လမ်းတံတားကြေး ကောက်ခံမှု ရပ်ဆိုင်းဖို့ ပြည်ထောင်စုအစိုးရထံ တင်ပြသွားမယ်လို့ ပြည်နယ်ဝန်ကြီး ဦးစောပြည်သာက ပြောပါတယ်။ ဖေဖော်ဝါရီ ၇ ရက်က ဘားအံမြို့မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် န၀မပုံမှန်အစည်းဝေးမှာ မြ၀တီမြို့နယ် မဲဆန္ဒနယ် အမှတ် ၂၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က အိန္ဒု-ကော့ကရိတ်လမ်းပိုင်းအခြေအနေနဲ့ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့တာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစောပြည်သာက အိန္ဒု-ကော့ကရိတ်လမ်းပိုင်း ပြင်ဆင်မှုမရှိဘဲ ဆက်လက်ဆိုးဝါးနေပါက လမ်းတံတားကြေးကောက်ခံမှုများ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ရပ်ဆိုင်းဖို့ကိစ္စကို ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ “လမ်းချိုင့်ခွက်ကြီးများကို ကျော်ရောမြေကြီးများနဲ့ ဖာထေးရုံဖြင့် လမ်းခရီး ကောင်းလာနိုင်ဖွယ်မရှိလို့ ယခင်ကထက်ပ မိုမိုအဆင်ပြေလာမှာမဟုတ်ကြောင်း။ ယခုအခါ ပြည်သူများအနေဖြင့် ပြည်သူများရဲ့ဝေဖန်သံဟာ အမြင့်ဆုံးမှာရှိနေတယ်” လို့ ဆွေးနွေးသွားပါတယ်။ ကရင်ပြည်နယ်ဆောက်လုပ်ရေးဦးစီးဌာန၊ မြို့ပြလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစောသောင်းဟန်စိုးက “လမ်းအပိုင်းပြုပြင်ထိန်းသိမ်းခြင်းကို အရင်မိုးတွင်းကာလလို ယာဉ်ပိတ်ဆို့မှု၊ ကောင်းမွန်စွာဖြတ်သန်းသွား လာမှုမရှိတဲ့အပေါ်ကို ဆောင်ရွက်သွားမှာဖြစ်တယ်။ လက်ရှိ စီအာဘီစီအနေနဲ့ အိန္ဒုနဲ့ ကျားကလေးအပိုင်းကို ဦးစားပေးဆောင်ရွက်ပြီးတော့ ကျနော်တို့က မိုးတွင်းကာလမှာ ဒီကော့ကရိတ်နဲ့ ကျားကလေးကို ထိန်းသိမ်းသွားမယ်” လို့ ပြောပါတယ်။ အဆိုပါစီမံကိန်းအတွက် ချစ်လင်းမြိုင်ကုမ္ပဏီက လွန်းညကျောက်တောင်ကနေ ကျောက်ထုတ်ယူနေမှုကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေး၊ လယ်ယာလုပ်ငန်းတွေအပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာတဲ့အတွက် ၂၀၁၇ စက်တင်ဘာလမှ စတင်ပြီး ဒေသခံတွေက ကျောက်ထုတ်ယူနေမှုကို အပြီးရပ်ဆိုင်းပေးဖို့ ကန့်ကွက်ခဲ့တာကြောင့် စီမံကိန်းကို ရပ်ဆိုင်းထားရပါတယ်။ အိန္ဒု-ကော့ကရိတ်လမ်းပိုင်း ၆၆ ဒသမ ၇၅ ကီလို မီတာကို လမ်းနယ်နိမိတ်အကျယ် ၂၃၀ ပေအထိ တိုးချဲ့ပြီး လမ်းအဆင့်မြှင့်တင်ဖို့အတွက် ကမ္ဘာ့ဘဏ်ကချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၊ အာဆီယံ အခြေခံအဆောက်အဦးဆိုင်ရာ ရန်ပုံငွေအဖွဲ့ကနေ အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးယူပြီး တရုတ်ကုမ္ပဏီဖြစ်တဲ့ CRBC က တာဝန်ယူဆောင်ရွက်နေတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024