ဂျွန်တယ်ရီ နိုင်ငံလက်ရွေးစင်ကနေ အနားယူ

ချဲလ်ဆီးနဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဂျွန်တယ်ရီက လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက်နေ့မှာ ကြေညာလိုက်တာပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က တယ်ရီကို လူမျိုးရေး ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ကြားနာ စစ်ဆေးမှု မပြုလုပ်ခင် အချိန်စောပြီး အနားယူသွားတာ ဖြစ်ပါတယ်။ အသက်  ၃၁ နှစ် အရွယ် တယ်ရီဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ ကျုပီအာ ကစားသမား အန်တန် ဖာဒီနန်ကို လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေ သုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှု ရင်ဆိုင်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပြီး  တရားရုံးက အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီး ကွင်းလုံးကျွတ် လွတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တရားရုံးက လွှတ်ပေးလိုက်ပေမယ့်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ကတော့ လူမျိုးရေး ခွဲခြားဆက်ဆံမှု စွပ်စွဲချက်အတွက် စစ်ဆေးကြားနာဖို့ တယ်ရီကို ဆင့်ခေါ်ခဲ့တာပါ။ တရားရုံးက လွှတ်ပေးလိုက်ပေမယ့်လည်း အက်ဖ်အေက ဆက်လက် ကြားနာ စစ်ဆေးခဲ့တဲ့အတွက် တယ်ရီအနေနဲ့ အက်ဖ်အေရဲ့ လက်အောက်မှာ ဘောလုံးဆက်ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီး နိုင်ငံလက်ရွေးစင် ဘ၀ကနေ အနားယူသွားတာ ဖြစ်ပါတယ်။ အက်ဖ်အေကတော့ သူတို့ရဲ့ လုပ်ရပ်က တယ်ရီကို လက်ရွေးစင် ကစားသမား ဘ၀ကနေ အနားယူ သွားအောင် အတင်းအကျပ် လုပ်ဆောင်တာ မဟုတ်ဘူးဆိုပြီး ပြောဆိုသွားပါတယ်။ တယ်ရီအပေါ် အက်ဖ်အေရဲ့ ပြုမှု ဆောင်ရွက်ပုံကို မကျေနပ်လို့ နည်းပြ ကာပယ်လိုလည်း ပြီးခဲ့တဲ့နှစ်မှာ အင်္ဂလန်အသင်း နည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ တယ်ရီဟာ လက်ရွေးစင် ကစားသမားဘ၀ကို အဆုံးမသတ်ခင်မှာ အင်္ဂလန်နည်းပြ ရွိုင် ဟော့ဆန်နဲ့ တိုင်ပင် ဆွေးနွေးမှုတွေ ပြုလုပ်ပြီးမှ အနားယူကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ နောက်ခံကစားသမား တယ်ရီဟာ အင်္ဂလန် အသင်းခေါင်းဆောင်လက်ပတ်ကို ဘက်ခမ်းဆီကနေ ၂၀၀၃ ဇွန်လမှာ လွှဲပြောင်း ရယူခဲ့ပြီး အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၇၈ ပွဲ ကစားပေးထားပါတယ်။ တယ်ရီဟာ ချဲလ်ဆီးမှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ရဖူးထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီမှာ ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။ အသင်းခေါင်းဆောင် တယ်ရီရဲ့အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၂ ရက်နေ့ကျရင် အိမ်ကွင်း ၀င်ဘလေမှာ ဆန်မာရီနိုအသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up