Home
မြန်မာသတင်း
ရေယာဉ်ပေါ် တရားမဝင်သစ် ပိုင်ရှင်မဲ့သိမ်းဆည်းရမိမှု အဂတိတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြား
DVB
·
February 9, 2019
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် စဥ့်ကူးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က သစ်ခွဲသား ၁၀ တန်ကျော် တင်ဆောင်ထားတဲ့ မြတ်မိဘ ၂ ရေယာဉ်ကို ခရိုင်သစ်တောက ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့မှုနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်တာမရှိတဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားထားတယ်လို့ သိရပါတယ်။ ဒီရေယာဉ်နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းရာမှာ ၂၀၁၆ စက်တင်ဘာလက ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအနီး ကသာမြို့နယ် သစ်တောဦးစီးဌာနကနေ တရားမဝင်ကျွန်းခွဲသားနဲ့ သစ်တွေ ဖမ်းဆီးရမိခဲ့တဲ့ မြတ်မိဘ အမည်ရှိ သံခွံရေယာဉ်နဲ့ အတူတူဖြစ်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စ တိုင်းအစိုးရကို တင်ပြပေမယ့် အရေးယူဆောင်ရွက်တာမရှိလို့ အခုလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်တန်းရတာလို့ တိုင်တန်းသူ ကိုကျော်စွာဝင်းက ပြောပါတယ်။ “သစ်တောဦးစီးဌာနရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ စဥ့်ကူးမြို့နယ်မှာ တရားမဝင်သစ်တွေတင်ဆောင်ထားတဲ့ ရေယာဉ်တစီးကို ပိုင်ရှင်မဲ့ ဖမ်းမိတယ်ဆိုပြီး ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့တယ်။ ဒါနဲ့ ကသာတရားရုံးက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းထားတဲ့ ရေယာဉ်နဲ့တူတယ်ဆိုပြီး ကသာမှာ ရှိမရှိစုံစမ်းတယ်။ တိုင်းအစိုးရအဖွဲ့ကိုလည်း ဖုန်းဆက်တယ်ပေါ့။ နာမည်တော့ ပြောင်းသွားတယ်။ အရင်က မြတ်မိဘ ကနေ မြတ်မိဘ ၂ ဆိုပြီး။ ဒါပေမယ့် ရေယာဉ်ရဲ့ အလျား၊ အနံ၊ အမြင့်တွေ၊ အင်ဂျင်နံပါတ်တွေက အတူတူဖြစ်နေတယ်။ နောက်ပြီး လေလံပစ်တယ်လို့လည်း မကြားမိဘူး။ ပထမအကြိမ် ကသာမှာဖမ်းတုန်းက ရပ်မိရပ်ဖအနေနဲ့ ဖမ်းဆီးရေးမှာ ပါခဲ့လို့ သိနေတာ။ တရားရုံးမှာလည်း သက်သေအဖြစ် ထွက်ဆိုခဲ့သေးတယ်။ ဝန်ကြီးချုပ်ကလည်း စုံခုံဖွဲ့စစ်နေတယ်လို့ပြောတယ်။ ဘာမှမထူးဘူး။”လို့ တိုင်ကြားသူ ဦးကျော်စွာဝင်းကပြောပါတယ်။ ပထမအကြိမ် တရားမဝင်သစ်တွေဖမ်းဆီးရမိချိန်က ၁၃ တန်ကျော်ရှိခဲ့ပြီး သစ်တောဦးစီးဌာန ကနေ တရားရုံးကို လွှဲပြောင်းပေးခဲ့ပါတယ်။ “ဒီလို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းထားတဲ့ဟာတောင် ဒုတိယအကြိမ် တရားမဝင်သစ်တွေနဲ့ ဖမ်းမိတယ်ဆိုတော့ ဝိသမလောဘသားတွေနောက်မှာ ဘယ်သူတွေရှိလဲ။ ဘယ်သူက အကာကွယ်ပေးထားတာလဲ။ အခုလို လုပ်ခွင့်ရအောင် ဘယ်သူတွေက ခွင့်ပြုထားတာလဲ။ ဒါတွေသိချင်တာ။ ဘယ်သူရယ်လို့ တိုင်တာမဟုတ်ဘူး။ ပါဝင်ပတ်သက်သူတွေကို စစ်ဆေးဖော်ထုတ် အရေးယူပေးဖို့ တိုင်တာသာဖြစ်တယ်” လို့ ဦးကျော်စွာဝင်းက ပြောပါတယ်။ တရားမဝင်သစ် ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး တရားခံ ၃ ဦးကိုလည်း ထောင်ဒဏ် ၉ လစီချမှတ်ကာ ရေယာဉ်ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ရေယာဉ်ကိုလည်း လေလံပစ်နိုင်ဖို့ ကြမ်းခင်းဈေးသတ်မှတ်ကာ သက်ဆိုင်ရာကို တင်ပြထားဆဲ ဖြစ်တယ်လို့ ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက  ပြောပါတယ်။ လက်ရှိမှာတော့ စဥ့်ကူးမြို့နယ်မှာ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး ပိုင်ရှင်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သစ်တောဦးစီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အရင်ဖမ်းဆီးရမိထားတဲ့ ရေယာဉ်က အလျား ၁၂၀ ပေ၊ အကျယ် ၁၅ ပေခန့်နဲ့ ဝမ်းဗိုက်အနက် ၅ပေခွဲခန့်ရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကသာမြို့နယ် တရားရုံးကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024