Live
Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဖြေရှင်းပေးရန် ကေအန်ပီပီ တောင်းဆို
နော်နိုရင်း
·
February 8, 2019
ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရနဲ့ ကရင်နီလူငယ်တွေအကြား သဘောထားကွဲလွဲမှုတွေကို ပြည်ထောင်စုအစိုးရနဲ့ အန်အယ်လ်ဒီအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)က တောင်းဆိုပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ရက်စွဲနဲ့ နိုင်ငံတော်သမ္မတနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌထံ လိပ်မူပြီး အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်တာပါ။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး     ကယားပြည်နယ်မှာ အစိုးရနဲ့ လူငယ်တွေအကြား၊ ပြည်သူလူထုတွေအကြား စိတ်ဝမ်းကွဲစေတဲ့ အမြင်မတူမှုတွေ၊ ဖြစ်ပွားနေတဲ့  အပြင် ကြေးရုပ်တည်ထားခြင်းအပေါ် ကန့်ကွက်တဲ့ လူငယ်တွေကို ပြည်နယ်အစိုးရက တရားစွဲဆို တာ အကြိမ်ကြိမ်ပြုလုပ်နေပါတယ်။ ဒါ့အပြင် ကန့်ကွက်သူတွေနဲ့ ထောက်ခံသူတွေအကြား အပြန်အလှန်တရားစွဲဆိုမှုတွေ၊ လူငယ်တွေရဲ့သပိတ်စခန်းဖြိုခွဲမှုတွေဟာ ပြည်နယ်ရဲ့တည်ငြိမ်အေးချမ်းမှုနဲ့ ဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်နေတယ်လို့လည်း အဲဒီအိတ်ဖွင့်ပေး စာမှာ ရေးသားထားပါတယ်။ ဒီလိုပြည်နယ်အတွင်း မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားမှာကို စိုးရိမ်တဲ့အတွက် အခုလို သမ္မတနဲ့ အန်အယ်ဒီပါတီထံ အိတ်ဖွင့်ပေးစာပေးပို့ရတာလို့ ကေအန်ပီပီ ဒု-ဥက္ကဋ္ဌ  ခူးဦးရယ်က ပြောပါတယ်။ “မကြာခင်တုန်းကလည်း ပါတီရဲ့အကြီးအကဲတွေလည်း ပြည်နယ်ထဲကို ရောက်တယ်လို့ ကျနော်တို့ကြားတယ်။ လူငယ်တွေကလည်း သူတို့ကိုတွေ့ဆုံပြီးတော့ ဆန္ဒလေးတင်ပြဖို့ ရှိတယ်လို့ ကျနော်တို့ နားလည်တာပေါ့နော်။ ဒါနဲ့ပတ်သက်လို့ လာရောက်သွားတဲ့ အန်အယ်ဒီ ခေါင်းဆောင်ကြီးတွေကလည်း တွေ့မသွားဘူးဆိုတဲ့သဘောမျိုး ကျနော်တို့လည်းကြားရတယ်။  ဒါကတော့ လူအနည်းစုရဲ့ဆန္ဒသဘောထားပဲ လျစ်လှူရှုလို့ရတယ်။ အလေးထားစရာမလိုဘူးလို့ မြင်ရင်တော့ ဒါက မဖြစ်သင့်တဲ့အရာလို့ ကျနော်တို့ ထင်တာပေါ့နော်။ မနေ့ကလည်း ဖြစ်ပျက်မှု တချို့တွေ ကျနော်တို့တွေ့ရတယ်။ ဒီမနက်လည်းတွေ့ရတယ်ပေါ့နော်။ အဲဒီအပေါ်မှာစိတ် မကောင်းတဲ့အတွက်ကြောင့်မို့ ကျနော်တို့က မဖြစ်သင့်မဖြစ်အပ်တာတွေကိုတော့ အစိုးရက ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်သွားဖို့ တာဝန်ရှိတယ်လို့ မြင်တဲ့အပေါ်မှာ ကျနော်တို့ ရေးလိုက်တာ ” ဗိုလ်ချုပ်ကြေးရုပ်စတင်လုပ်ဆောင်တဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက လူထုတွေရဲ့အသံကို နားထောင်ဖို့ ကေအန်ပီပီအနေနဲ့ ငြိမ်းချမ်းရေးကော်မရှင်အကြီးအကဲနဲ့ တရားဝင်တင်ပြခဲ့သလို ကယားပြည်နယ်ဝန်ကြီးချုပ် ၂ ကြိမ်နဲ့တွေ့ဆုံပြီး ကယားပြည်နယ်က လူငယ်တွေရဲ့ တင်ပြမှုကို အလေးအနက်ထား ဖြေရှင်းညှိနှိုင်းဆောင်ရွက်ဖို့  အကြံပြုချက်တွေပေးခဲ့တာရှိပေမယ့် အဆင်မ ပြေခဲ့လို့ အခုလို သမ္မထံ စာရေးသားပေးပို့တာလို့လည်း ပြောပါတယ်။ “ငြိမ်ငြိမ်သက်သက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့ ဖြေရှင်းသွားလောက်ပြီလို့ ကျနော်တို့ ယူဆတာပေါ့။ ဒါပေမယ့်အဲလိုမဖြစ်ပဲ အခုတဖန်ပြန်ပြီး ဖြစ်ပေါ်လာတယ်ဆိုတော့ ကျနော်တို့ မလွှဲမရှောင်သာ စာရေးရတာပေါ့ဗျာ။” လက်ရှိအစိုးရဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရွေးချယ်ထားတဲ့အစိုးရဖြစ်တယ်လို့ ကြွေးကြော်နေပြီး ပြည်သူတွေရဲ့အသံ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို မျက်ကွယ်ပြုပြီး လက်ဝယ်အာဏာကို အသုံးပြုကာ အပြောနဲ့ အလုပ်ကွဲပြားစွာ ပြုမှုဆောင်ရွက်နေတယ်လို့ ရှုမြင် ကြောင်းနဲ့ ကေအန်ပီပီရဲ့ စာမှာဖော်ပြပါတယ်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကြေးရုပ်တုကို လွိုင်ကော်မြို့မှာ မထားရှိဖို့ ကယားပြည်နယ်က လူထုတွေထောင်ချီပြီး ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လဆန်းပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ ဒီလိုကန့်ကွက်မှုတွေကြားကပဲ ဖေဖော်ဝါရီ ၂ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ဂန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူအပြီးမှာတော့ ကရင်နီလူငယ်တွေရဲ့ ကန့်ကွက် လှုပ်ရှားမှုတွေ ပိုပြီး ပြင်းထန်လာသလို အရေးယူခံထားရသူတဲ့  လူငယ် ၄၅ ဦးရှိနေပြီ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024