ငပုတောမြို့နယ်တွင် အရေခွံခွာခံထားရသည့် ဆင် ၁ ကောင် တွေ့ရှိ
DVB
·
February 7, 2019
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှာ သေဆုံးနေတဲ့ ဟိုင်းဆင်ထီး တကောင် အရေခွံခွာခံထားရတာကို ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ငပုတောမြို့နယ်၊ ပုသိမ်-မော်တင်ကားလမ်းရဲ့ အနောက်ဘက် ၃ မိုင်လောက်အကွာ ဆင်မသစ်တောကြိုးဝိုင်း အကွက်အမှတ် ၇၄ မှာ ပြီးခဲ့တဲ့ ၃ ရက်လောက်က သေဆုံးနေတဲ့ အသက် ၁၈ နှစ်အရွယ်၊ အမြင့် ၆ ပေ ၆ လက်မရှိ ဟိုင်းဆင်ရိုင်းအထီး တကောင် သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
ကျောဝဲဘက်ခြမ်း အရေခွံခွာပြီး နှာမောင်း/နားရွက် ဖြတ်ထားတာကို သစ်တောလုံခြုံရေးရဲတပ်ဖွဲ့က ဒုရဲမှူး ထွန်းထွန်းဝင်း၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဝင်းဌေးနဲ့ ဒုတိမွေးကုဦးစီးမှူး ဦးလင်းလင်းထွန်းတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး မြို့နယ်သစ်တောဦးစီးဌာနက အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။