Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် ပြည်သူလက်ခံသည့် အခြေခံဥပဒေလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
နော်နိုရင်း
·
February 7, 2019
မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့  အများပြည်သူက လက်ခံတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေတခု လိုအပ်တယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ကျင်းပတဲ့  ၇၂ နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို အခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောကြားသွားတာပါ။ “ကျမတို့ရဲ့ အစိုးရဟာ အုပ်ချုပ်ရေးတာဝန်ကို ယူကတည်းကနေစပြီးတော့ အဓိက ရည်မှန်းချက် ၃ ချက်ကို ချပြခဲ့ပါတယ်။ ပထမကတော့ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဘ၀စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ဒုတိယကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တတိယကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပေဒ ဖြစ်ပေါ်လာစေရေးပဲဖြစ်ပါတယ်။ ဒီသုံးခုကလည်း အားလုံးဆက်နွှယ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ နိုင်ငံရေးအရ မှန်ကန်ရေးနဲ့ ပြည်သူလူ ထု ဖွံ့ဖြိုးတိုးတက်ရေးတွေဟာ ခွဲလို့ရတဲ့အရာတွေမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးရမှ ပြည်သူလူထုဖွံ့ဖြိုး တိုးတက်ရေး ကျမတို့လုပ်နိုင်မယ်။ ငြိမ်းချမ်းရေးရဖို့ဆိုလို့ရှိရင် အများပြည်သူကနေပြီးတော့မှ လက်ခံတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေတခုကိုလည်း လိုအပ်ပါတယ်။ ကျမတို့ရဲ့ ပြည်သူတွေ အားလုံးကြားမှာလည်း ရင်ကြားစေ့ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။” လက်ရှိတိုင်းပြည်မှာ ပြည်သူတွေအားလုံးက မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုအဆင့် မရောက်သေးပေမယ့် သမိုင်းပေးတာဝန်တရပ်နေနဲ့ တာဝန်ကျေတဲ့ မျိုးဆက်ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “ကျမတို့အားလုံးမျှော်မှန်းတဲ့ ကျမတို့ လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဆင့်ကိုတော့ မရောက်သေးဘူးဆိုတာ အားလုံးအသိ ပဲဖြစ်ပါတယ်။ ဒီလိုရောက်အောင်လို့ ဆက်သွားဖို့ဟာ ကျမတို့တာဝန်ဖြစ်ပါတယ်။ ကျမတို့ရဲ့မျိုးဆက်တွေရဲ့  သမိုင်းပေးတာဝန်ဆိုရင်လည်း ပြောရင်မှားမယ်မထင်ပါဘူး။ မျိုးဆက်တိုင်း မျိုးဆက်တိုင်းဟာ သူ့ရဲ့ သမိုင်းပေးတာဝန်သူရှိကြပါတယ်။ သမိုင်းပေးတာဝန်ကျေတဲ့ မျိုးဆက်တွေရှိသလို မကျေတဲ့ မျိုးဆက်တွေလည်းရှိခဲ့ပါတယ်။ ကျမတို့ လွတ်လပ်ရေးခေါင်းဆောင်ကြီးများဟာ တာဝန်ကျေတဲ့ မျိုးဆက်ထဲမှာပါသလို ကျမတို့အနေနဲ့လည်း တာဝန်ကျေတဲ့ မျိုးဆက်ထဲမှာ ပါချင်ပါတယ်။ ဒီလိုပါဖို့ဆိုတာ အစိုးရအဖွဲ့တခုတည်း လုပ်လို့မရပါဘူး။ ကျမတို့ပြည်သူအားလုံးပါဝင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။” ဒီကနေ့စတင်ဖွင့်လှစ်တဲ့ ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက် ကြပါတယ်။ ရှမ်းပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ပြခန်းတွေနဲ့ ဌာနဆိုင်ရာပြခန်းတွေကိုလည်း ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီလိုတိုင်းရင်းသားတွေရဲ့ ပြည်နယ်နေ့တိုင်းဟာ ပြည်ထောင်စုနေ့ကို ပံ့ပိုးတဲ့နေ့တွေ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ပါတယ်။ “ပြည်နယ်နေ့တိုင်းနေ့တိုင်းဟာ တနည်းအားဖြင့်  ပြည်ထောင်စုနေ့ကို ပံ့ပိုးပေးတဲ့ ဖြစ်ပါတယ်။ တိုင်းရင်းသားများရဲ့ နေ့ထူးနေ့မြတ်တွေအားလုံးဟာလည်း ပြည်ထောင်စုနေ့ကို ပံ့ပိုးပေးတဲ့ နေ့တွေဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် ကျမတို့ရဲ့တိုင်းရင်းသား ညီကိုမောင်နှမများအား လုံးရဲ့ လုပ်ရပ်ဟာ ပြည်ထောင်စုကြီးဆောက်တည်ဖို့၊ ပြည်ထောင်စုကြီး ခိုင်ခံ့တည်မြဲစေဖို့ လုပ်ရပ်တွေပဲ ဖြစ်စေချင်ပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင် အားလုံးဟာ ၀ိုင်းဝန်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး အသီးအပွင့်တွေကို ကျမတို့ ခံစားရမှာပဲဖြစ်ပါတယ်။” ၇၂ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေကို ဖေဖော်ဝါရီ ၇ ရက်ကနေ  ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024