Home
မြန်မာသတင်း
ပင်လုံမြေမှ ပြည်ထောင်စုအိပ်မက်ကို အကောင်အထည်ဖော်ကြရန် သမ္မတတိုက်တွန်း
DVB
·
February 7, 2019
တိုင်းရင်းသားတွေ မျှော်မှန်းအိပ်မက်ခဲ့ကြတဲ့  ပင်လုံမြေမှ ပြည်ထောင်စု အိပ်မက်ကို အကောင်အထည်ဖော်ကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ကျရောက်တဲ့  (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့  သဝဏ်လွှာမှာ သမ္မတက ပြောသွားတာပါ။ “လွန်ခဲ့သော (၇၂) နှစ်က ယနေ့လို အချိန်အခါတွင် တိုင်းရင်းသားများ မျှော်မှန်း အိပ်မက်ခဲ့ကြသော ပင်လုံမြေမှ ပြည်ထောင်စုအိပ်မက်ကို ယနေ့အချိန်အခါတွင် အကောင် အထည်ဖော်ကြရန် အထူးလိုအပ်ပါသည်။ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်အောင် ရှည်ကြာခဲ့သော ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝရရှိစေမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အထူးအရေးကြီးလှပါသည်။”လို့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိခြင်းဆိုတဲ့ အနှစ်သာရတွေနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အားလုံးက ပြည်ထောင်စုစိတ်ဓာတ်၊  ပင်လုံစိတ်ဓာတ်အရင်းခံကာ ပြည်နယ်၊ ပြည်မ စည်းလုံးညီညွတ်စွာ ဥမကွဲသိုက်မပျက် ထာဝရ ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။ ရှမ်းပြည်နယ်နေ့ဟာ ပြည်ထောင်စုတည်ဆောက်ဖို့  ပြည်ထောင်စု တိုင်းရင်းသားအားလုံးက စိတ်တူကိုယ်တူ ဆန္ဒတူနဲ့ အနာဂတ်အတွက် အုတ်မြစ်ချခဲ့တဲ့နေ့ ဖြစ်တယ်၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးဟာ လွတ်လပ်ရေးရရှိအောင် အတူတကွ ဆောင်ကြဉ်းနိုင်ခဲ့ပေမယ့် နိုင်ငံရေးအယူအဆကွဲလွဲမှုနဲ့ ယုံကြည်နားလည်မှု ပျက်ပြားခဲ့လို့ စိတ်ဝမ်းကွဲပြီး လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲ့ရာ ခုချိန်အထိ သေနတ်သံတွေကြားနေ ပြီး ယမ်းငွေ့တွေ ဝေနေတာဟာ အလွန်ဝမ်းနည်းဖွယ်ရာ ကောင်းတယ်လို့ သမ္မတက ဆိုပါတယ်။ ပြည်မနဲ့တောင်တန်းဒေသတွေ အတူတကွ လွတ်လပ်ရေးရယူဖို့ ဆုံးဖြတ်နိုင်ခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကို ဂုဏ်ပြုသောအားဖြင့်  ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်အခမ်းအနားတွေ နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။ အခုနှစ်မှာလည်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အပါဝင် မြန်မာပြည်တွင်းမှာ ကျင်းပသလို ပြည်ပရောက် ရှမ်းတိုင်းရင်းသားတွေကလည်း အထိမ်းအမှတ် အခမ်းအနားတွေ နိုင်ငံ အသီးသီးမှာ ကျင်းပပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024