ရီးရဲလ်နှင့်ပွဲတွင် ဘာစီလိုနာ ကစားသမားများ၏ အမည်ကို တရုတ်စာဖြင့် ရိုက်နှိပ်ပြီး ဝတ်ဆင်မည်

ဘာစီလိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့်ပွဲမှာ ကစားသမားတွေရဲ့ အမည်ကို တရုတ်စာနဲ့ ရိုက်နှိပ်ပြီး ဝတ်ဆင်ကစားစေမယ်လို့ သိရပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲလ်အသင်းတို့ဟာ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီကနေ့ည ၂ နာရီခွဲမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာပါ။ တရုတ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုတဲ့အနေနဲ့ ဘာစီလိုနာအသင်းက စီစဉ်ခဲ့တာဖြစ်ပြီး အရှေ့အာရှက ပရိသတ်ဦးရေ ပိုမိုများပြားလာစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ တရုတ်စာနဲ့ ရိုက်နှိပ်ပြီး ဝတ်ဆင်မယ့်အကြောင်းကို အသင်းရဲ့ တရားဝင် တွစ်တာစာမျက်နှာကနေ အတည်ပြု ပြသခဲ့ပြီး မက်ဆီ၊ ကော်တင်ဟို၊ ရာကီတစ်တို့ရဲ့ နာမည်ကို အင်္ဂလိပ်လို နာမည်အပြင် အဲဒီအောက်မှာ တရုတ်စာနဲ့ပါ ရေးသားခဲ့ပါတယ်။ တရုတ်ရိုးရာတီးလုံးနဲ့အတူ မက်ဆီ၊ ပီကေး၊ စတီဂျန်နဲ့ အမ်တီတီ ပါဝင်ခဲ့တဲ့  ဗွီဒီယိုဖိုင်တခုကိုလည်း ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ပြီး လီယွန်နယ်မက်ဆီက ပျော်ရွှင်စရာကောင်းတဲ့ တရုတ်နှစ်သစ်ကူးကာလ ဖြစ်ပါစေကြောင်းနဲ့ မကြာခင်မှာ တွေ့ဆုံကြမယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ တရုတ်နှစ်သစ်ကူးကာလကို ဂုဏ်ယူမှုအနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး လာမယ့်နွေရာသီမှာလည်း တရုတ်နဲ့ ဂျပန် နိုင်ငံတွေမှာ သွားရောက်ခြေစမ်းဖို့ ရှိတာကြောင့်  အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဘာစီလိုနာအသင်းဟာ ပရိသတ် ပိုများလာစေဖို့နဲ့ အသင်းရဲ့ မိတ်ဖက်စပွန်ဆာတွေနဲ့ ပိုမိုရင်းနှီးလာစေဖို့အတွက် လာမယ့်နွေရာသီမှာ တရုတ်နဲ့ ဂျပန်နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up