Home
မြန်မာသတင်း
ဇန်နဝါရီလအတွင်း ကုမ္ပဏီပေါင်း ၁၇၀၀ ကျော် အွန်လိုင်းက မှတ်ပုံတင်
ပိုင်စိုး
·
February 6, 2019
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ကုမ္ပဏီပေါင်း ၁၇၀၀ ကျော်မှတ်ပုံတင်ခဲ့တာမှာ အားလုံးနီးပါးဟာ အွန်လိုင်းကမှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီ ၇ ခုကတော့ ကိုယ်တိုင်လာရောက် မှတ်ပုံတင်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။ ဇန်နဝါရီလထဲမှာ ကုမ္ပဏီအသစ် ၁၇၃၃ ခု မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီတွေ မှတ်ပုံတင်တာကို အွန်လိုင်းကနေ ဆောင်ရွက်လို့ရတဲ့နောက်ပိုင်း ၅ လအတွင်း ကုမ္ပဏီပေါင်း ၄၀၀၀၀ ကျော် မှတ်ပုံတင်နိုင်ခဲ့ပြီး အရင်နှစ်ကာလတူထက် ကုမ္ပဏီအသစ် နှစ်ဆကျော် မှတ်ပုံတင်နိုင်ခဲ့တယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ဇန်နဝါရီလတုန်းက ပြောထားပါတယ်။ သြဂုတ် ၁ ရက်နေ့ကနေ ဒီဇင်ဘာလကုန်အထိ ကုမ္ပဏီပေါင်း ၃၂၉၁၇ ခု ပြန်လည် မှတ်ပုံတင်နိုင်ခဲ့ပြီး ကုမ္ပဏီ ၈၅၁၄ ခု အသစ်မှတ်ပုံတင်ခဲ့တယ်လို့ ပြောပါတယ်။ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လက ဒီဇင်ဘာလအထိ ကုမ္ပဏီပေါင်း ၃၇၅၈ ခုအသစ် မှတ်ပုံတင်ပေးခဲ့ပြီး၊ အွန်လိုင်းမှတ်ပုံတင် စတင်ခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လက ဒီဇင်ဘာလအထိ ကုမ္ပဏီပေါင်း ၈၅၁၄ ခု အသစ်မှတ်ပုံတင်နိုင်ခဲ့လို့  အရင်နှစ် ကာလတူထက် နှစ်ဆကျော်တယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ ဒီဇင်ဘာလ ကုန်အထိ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ၈၆၀၀၀ ကျော်ရှိနေပါတယ်။ နှစ်အလိုက်ကြည့်မယ်ဆိုရင် ၁၉၈၈-၈၉ ခုနှစ်မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ၃၂ ခုပဲ ရှိခဲ့ပြီး ၂၀၁၀-၁၁ ခုနှစ်မှာ ၂၆၈၇ ခုအထိ ဖြစ်လာပါတယ်။ အဲဒီကစလို့နှစ်စဉ် သိသိသာသာ တိုးလာ ခဲ့တာမှာ ၂၀၁၆-၁၇နဲ့ ၂၀၁၇-၁၈ ခုနှစ်တို့မှာ တနှစ်ကို ကုမ္ပဏီပေါင်း ၁၀၀၀၀ ကျော် မှတ်ပုံတင်ခဲ့ပြီး အများဆုံး ဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့က စလို့ ကုမ္ပဏီမှတ်ပုံတင်စနစ်ကို အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်နိုင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး မှတ်ပုံတင်ကြေးပေးကိုလည်း အွန်လိုင်းကနေ ပေးသွင်းနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024