ဆယ်စုနှစ် ၃ စုအတွင်း တင်ဆက်သူမပါဘဲ ကျင်းပတော့မည့် အော်စကာဆုချီးမြှင့်ပွဲ

ဓာတ်ပုံ - AFP/Getty Images
မကြာခင် ကျင်းပပြုလုပ်တော့မယ့် နာမည်ကြီး အော်စကာဆုချီးမြှင့်ပွဲ အခမ်းအနားမှာ တင်ဆက်သူ (Host) မပါဘဲ ကျင်းပတော့မှာဖြစ်ပြီး ဒါဟာ ဆယ်စုနှစ် ၃ စု ကာလအတွင်းမှာ ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတလွှားက စောင့်ကြည့်ရပြီး ဟောလိဝုဒ်ရဲ့ အကြီးကျယ်ဆုံး ပွဲတွေထဲက တခုဖြစ်တဲ့ ၉၁ ကြိမ်မြောက် အော်စကာဆုချီးမြှင့်တဲ့ အခမ်းအနားမှာ တင်ဆက်သူ(Host) အဖြစ် နာမည်ကြီး ဟာသ သရုပ်ဆောင် ကီဗင်ဟတ်ကို ရွေးချယ်ထားခဲ့တာပါ။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက လိင်တူနှစ်သက်တာတွေကို ဆန့်ကျင်တဲ့ စာတွေကို တွစ်တာပေါ်မှာ တင်တာတွေ၊ မှတ်ချက်ရေးတာတွေကြောင့် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး တင်ဆက်သူ(Host) နေရာက ပယ်ချခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူကတော့ ဒီအခမ်းအနားမှာ တင်ဆက်သူအနေနဲ့ ပါဝင်တော့မှာမဟုတ်ဘဲ သူ့အနေနဲ့ မရည်ရွယ်ကြောင်း၊ လူတွေကို ထိခိုက်နစ်နာစေခဲ့ရင် တောင်းပန်ကြောင်း ပြောခဲ့တာပါ။ ဒီအခမ်းအနားကို တာဝန်ယူ ထုတ်လွှင့်ပေးမယ့် အေဘီစီ အင်တာတိန်းမန့်ကတော့ သူတို့အနေနဲ့ တင်ဆက်သူ(Host) နေရာမှာ ဆယ်လီတွေရဲ့ ဆုတံဆိပ်တွေနဲ့ ပုံရိပ်တွေကို အစားထိုး တင်ဆက်သွားမယ်လို့ ဆိုပါတယ်။ အေဘီစီ အင်တာတိန်းမန့်မှ ဥက္ကဋ္ဌ ကာရေးဘာ့က်ခ်ကတော့ ခုလိုဖြစ်ရတာဟာ ဟတ်ဘက်က ရုပ်သိမ်းလိုက်ပြီးနောက်မှာ ဆုံးဖြတ်ခဲ့ကြရတာဖြစ်တယ်လို့ ပြောပါတယ်။ ခုလိုမျိုး အော်စကာဆုပေးပွဲမှာ Host မပါဘဲ ကျင်းပတာမျိုးဟာ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီပွဲမှာတော့ အော်စကာရဲ့ အဖွင့်ကို ၁၁ မိနစ်ကြာတဲ့ ဂီတဖျော်ဖြေမှုတခုနဲ့ စတင်ခဲ့ကြပြီး ဆိုးဝါးတဲ့ အဖွင့်ဖျော်ဖြေမှုတခုဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။ အခုလာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ၉၁ ကြိမ်မြောက် အော်စကာဆုချီးမြှင့်ပွဲမှာတော့ ဘယ်လိုမျိုး ဖြစ်လာလိမ့်မလဲ ဆိုတာကိုတော့ မကြာခင် စောင့်မျှော်ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up