ဖိလစ်ပိုင်ကလပ်ကိုနိုင်ပြီး ရန်ကုန်ယူနိုက်တက် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ဒုတိယအဆင့် တက် (ရုပ်သံဟိုက်လိုက်)

ဓာတ်ပုံ - Ceres-Negros FC
1.6K
အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဖိလစ်ပိုင်ကလပ် ဆီးရက်နီဂရော့စ်အသင်းတို့ ဖေဖော်ဝါရီ ၅ ရက် ညနေက ယှဉ်ပြိုင်ရာ ရန်ကုန်ယူနိုက်တက်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။
ရန်ကုန်ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၇ မိနစ်မှာ မီလာက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။
ပွဲချိန် ၄၄ မိနစ်မှာ အိမ်ရှင် ဆီးရက်အသင်း တိုက်စစ်မှူး အနီးကပ်ပိတ်သွင်းပြီး ချေပဂိုး သွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ တဂိုးစီ သရေကျခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၅၈ မိနစ်မှာ ကောင်းထက်စိုးက သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ရန်ကုန်ယူနိုက်တက် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။
အခုပွဲနိုင်တဲ့ ရန်ကုန်ယူနိုက်တက်ဟာ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအဆင့် တက်ရောက်သွားပြီး ထိုင်းရှုံးထွက်ချန်ပီယံ ချင်းရိုင်ယူနိုက်တက်နဲ့ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ချင်းရိုင်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းရှုံးထွက်ဖလား ဗိုလ်လုပွဲမှာ ဘူယီယန်ယူနိုက်တက်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာပါ။
ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ဒုတိယအဆင့် ခြေစစ်ပွဲမှာလည်း အဝေးကွင်းပွဲစဉ်အဖြစ် ချင်းရိုင်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
ချင်းရိုင်အသင်းဟာ မနှစ်က မြန်မာတိုက်စစ်မှူး ကျော်ကိုကို ပါဝင်ကစားခဲ့တဲ့ အသင်းဖြစ်ပြီး ထိုင်းလိဂ်ဝမ်းမှာ အဆင့် ၅ နေရာက ရပ်တည်ခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ချင်းရိုင်ကို အနိုင်ရခဲ့မယ်ဆိုရင်တော့ အာရှချန်ပီယံလိဂ် Play-off ပွဲစဉ်အဖြစ် ဂျပန်လိဂ်မှာ ဒုတိယရခဲ့တဲ့ ဟီရိုရှီးမားအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ရုပ်သံ - Htun Htun Win Facebook