Home
မြန်မာသတင်း
ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်တွင် ဂျပန်က ရှယ်ယာအများ​ဆုံး​ အရင်း​နှီး​ထည့်​မည်
နေသွင်
·
September 24, 2012
လအတန်ကြာ ညှိနှိုင်း​မှု​တွေ အဆင်မ​ပြေနဲ့​ အရင်း​နှီး​တွေ မပြည့်​အစုံ ဖြစ်​နေတဲ့​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ဂျပန်က ဝင်လာတာ​ကြောင့်​ အ​ခြေအ​နေပြန်​ကောင်း​လာပါတယ်။ ပြီး​ခဲ့​တဲ့​ လတုန်း​က စီမံကိန်း​အ​ပေါ် ​ဒေသခံ​တွေရဲ့​ မ​ကျေမနပ် ကန့်​ကွက်မှု​တွေနဲ့​ ​ငွေ​ရေး​ကြေး​ရေး​ပိုင်း​ဆိုင်ရာ အဆင်မ​ပြေမှု​တွေ အ​ကြောင်း​ပေါင်း​ တိုက်ဆိုင်ပြီး​ ထား​ဝယ်စီမံကိန်း​ လုပ်ငန်း​တွေ ရပ်ဆိုင်း​လုနီး​နီး​ ဖြစ်​နေပါတယ်။ ပထမအရစ်အတွက် ကုန်ကျမယ့်​ အရင်း​နှီး​ အ​မေရိကန် ​ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံပြည့်​ဖို့​ ရှယ်ယာ​တွေ ​ခေါ်လို့​ မရ​သေး​တဲ့​အတွက် လမ်း​ဆောက်လုပ်​ရေး​၊​ တယ်လီကွန်မြူနစ်​ကေး​ရှင်း​ ကွန်ရက်၊​ ဆိပ်ကမ်း​နဲ့​ တခြား​ လိုအပ်တဲ့​ အ​ခြေခံအ​ဆောက်အအုံပိုင်း​ တည်​ဆောက်​ရေး​မှာ အခက်​တွေ့​ရပါတယ်။ အခု​တော့​ ထား​ဝယ်စီမံကိန်း​ဟာ မဟာဗျူဟာအရ အ​ရေး​ပါတာ​ကြောင့်​ ဂျပန်ကလည်း​ စီမံကိန်း​ရှယ်ယာထဲမှာ ပါဝင်လာတဲ့​အတွက် လုပ်ငန်း​တွေ ပြန်စနိုင်မယ့်​ လမ်း​စပြန်ပွင့်​နေပြီလို့​ ထား​ဝယ်ဖွံ့​ဖြိုး​ရေး​ကုမ္ပဏီ ညွှန်ကြား​ရေး​မှူး​ ဆွမ်ချက် သင်နာဖွန်း​က ​ပြောပါတယ်။ “အီတာလျံထိုင်း​က ကုမ္ပဏီက ၂၅ ရာခိုင်နှုန်း​ ထည့်​ဝင်ဖို့​ လျာထား​ပါတယ်။ ကျန်တဲ့​ ၇၅ ရာခိုင်နှုန်း​ကို​တော့​ ထိုင်း​အစိုး​ရ၊​ မြန်မာအစိုး​ရ၊​ ဂျပန်အစိုး​ရ၊​ ပုဂ္ဂလိကကုမ္ပဏီ​တွေက ထည့်​ဝင်ဖို့​ လျာထား​ပါတယ်။” ဇူလိုင်လတုန်း​က ထား​ဝယ်နဲ့​ ဘန်​ကောက်အ​ရှေ့​တောင်ပိုင်း​ ကီလိုမီတာ ၁၀၀ မှာရှိတဲ့​ လီချာဘန်း​ ဆိပ်ကမ်း​ကို ဆက်သွယ်ဖို့​ မြန်မာနဲ့​ ထိုင်း​အစိုး​ရတို့​ သ​ဘောတူခဲ့​တဲ့​နောက်ပိုင်း​မှာ ထိုင်း​က ဘန်​ကောက်ဘဏ်၊​ ဆီယံကွန်မာ ရှယ်ဘဏ်တို့​ကလည်း​ စီမံကိန်း​ကို ​နောက်ထပ် ၈ လ၊​ ၁၀ လ​လောက် ဆက်နိုင်​လောက်တဲ့​ ဘဏ်​ငွေ ၁၀ ဘီယံလီ (အ​မေရိကန်​ဒေါ်လာ သန်း​ပေါင်း​ ၃၂၅) သန်း​ကို ​ချေး​ငွေထုတ်​ပေး​ဖို့​ စီစဉ်​နေတယ်လို့​ ​ပြောပါတယ်။ အဲဒီ​နောက်ပိုင်း​ ဂျပန်အစိုး​ရက ​ကျော​ထောက်​နောက်ခံ​ပေး​ထား​တဲ့​ ဂျပန်ဘန့်​ခ်ကလည်း​ စီမံကိန်း​အတွက် ဆိပ်ကမ်း​နဲ့​ အ​ခြေခံအ​ဆောက်အအုံပိုင်း​အတွက် လိုအပ်မယ့်​ ​ငွေ​ကြေး​တွေကို နှစ်ရှည်​ချေး​ငွေ ထုတ်​ချေး​ပေး​ဖို့​ သ​ဘောတူထား​ပြီး​လို့​ သူက ​ပြောပါတယ်။ ညှိနှိုင်း​မှု​တွေထဲမှာ ပါဝင်တဲ့​ သတင်း​အရင်း​အမြစ်ရဲ့​ အဆိုအရ ဂျပန်နှစ်ရှည်​ချေး​ငွေက အ​မေရိကန်​ဒေါ်လာ ၃ ဒဿမ ၂ ဘီလီယံရှိမယ်လို့​ ဆိုပါတယ်။ ဒါ​ကြောင့်​ ဂျပန်ဟာ စီမံကိန်း​ရဲ့​ ရှယ်ယာအများ​ဆုံး​ထည့်​ဝင်သူ ဖြစ်လာဖို့​ ရှိပါတယ်။ ထား​ဝယ်စီမံကိန်း​ထဲမှာ ပါဝင်တဲ့​ ရထား​လမ်း​တွေ၊​ ကား​လမ်း​တွေဟာ ထား​ဝယ်နဲ့​ အိမ်နီး​ချင်း​၊​ တရုတ်၊​ အိန္ဒိယအပါအဝင် အ​ရှေ့​တောင် အာရှနိုင်ငံ​တွေကို ချိတ်ဆက်​ပေး​နိုင်လာမှာဖြစ်ပါတယ်။ ဒါ့​အပြင် အ​ရှေ့​အလယ်ပိုင်း​က​နေ တရုတ်နဲ့​ ဂျပန်ကိုသယ်မယ့်​ ကုန်ပစ္စည်း​တွေ၊​ အာဖရိက​နေ တင်လာတဲ့​ ကုန်ပစ္စည်း​တွေလည်း​ မြန်မာပြည်မှာပဲ ဆိုက်ကပ်နိုင်မှာဖြစ်လို့​ အရင်လို ပင်လယ်​ရေလမ်း​ကြောင်း​ရှည်ကြီး​ သွား​စရာမလိုအပ်​တော့​ဘဲ အချိန်နဲ့​ ခရီး​စရိတ်ကို ချုံ့​လိုက်နိုင်မှာဖြစ်ပါတယ်။ ဒါအပြင် ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်ဟာ ၂၀၁၅ မှာ ​ပေါ်​ပေါက်လာမယ့်​ အာဆီယံ ဘုံ​ဈေး​ကွက်အတွက်လည်း​ အ​ရေး​ကြီး​တဲ့​ ​နေရာက​နေ ပါဝင်နိုင်မယ်လို့​ အာဆီယံနိုင်ငံ​တွေက ​မျှော်မှန်း​ထား​ကြပါတယ်။ အာရှရဲ့​ အကြီး​ဆုံး​ စက်မှုဇုန်ကြီး​ဖြစ်မယ့်​ မြန်မာပြည်​တောင်ပိုင်း​က ထား​ဝယ်စီမံကိန်း​နဲ့​ ပတ်သက်တဲ့​ သ​ဘောတူညီချက်ကို ထိုင်း​ကုမ္ပဏီဖြစ်တဲ့​ အီတာလျံထိုင်း​ ဖွံ့​ဖြိုး​ရေး​ကုမ္ပဏီနဲ့​ မြန်မာအစိုး​ရတို့​ ၂၀၁၀ တုန်း​က လက်မှတ်ထိုး​ခဲ့​ပါတယ်။ ၁၀ နှစ်စီမံကိန်း​အတွင်း​ ​ဒေသအတွင်း​နေထိုင်တဲ့​ ဆင်း​ရဲသား​ လယ်သမား​၊​ သီဟိုဠ်ခြံ​တောင်သူ​တွေ၊​ ရာဘာခြံလုပ်ငန်း​လုပ်ကိုင်သူ​တွေ ၃ ​သောင်း​လောက် ​ပြောင်း​ရွှေ့​ရဖို့​ ရှိပါတယ်။ ထား​ဝယ်စီမံကိန်း​အ​ပေါ် မ​ကျေနပ်တာ​တွေနဲ့​ ကန့်​ကွက်တာ​တွေ ပြင်း​ထန်ခဲ့​ပြီး​နောက် မဂ္ဂါဝပ် ၄ ​သောင်း​ ထုတ်လုပ်မယ့်​ ​ကျောက်မီး​သွေး​စက်ရုံတည်​ဆောက်မယ့်​ အစီအစဉ်ကို ဖျက်သိမ်း​ထား​ရပြီး​ အဲဒီ​နေရာမှာ ဘယ်လိုဓာတ်အား​ပေး​စက်ရုံ တည်​ဆောက်မလဲဆိုတာကို​တော့​ အခုအထိ ရှင်း​ရှင်း​လင်း​လင်း​ မသိရ​သေး​ပါဘူး​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024