ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်က ရှယ်ယာအများဆုံး အရင်းနှီးထည့်မည်
နေသွင်
·
September 24, 2012
လအတန်ကြာ ညှိနှိုင်းမှုတွေ အဆင်မပြေနဲ့ အရင်းနှီးတွေ မပြည့်အစုံ ဖြစ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး လုပ်ငန်းတွေ ဂျပန်က ဝင်လာတာကြောင့် အခြေအနေပြန်ကောင်းလာပါတယ်။
ပြီးခဲ့တဲ့ လတုန်းက စီမံကိန်းအပေါ် ဒေသခံတွေရဲ့ မကျေမနပ် ကန့်ကွက်မှုတွေနဲ့ ငွေရေးကြေးရေးပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ အကြောင်းပေါင်း တိုက်ဆိုင်ပြီး ထားဝယ်စီမံကိန်း လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးနီး ဖြစ်နေပါတယ်။
ပထမအရစ်အတွက် ကုန်ကျမယ့် အရင်းနှီး အမေရိကန် ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံပြည့်ဖို့ ရှယ်ယာတွေ ခေါ်လို့ မရသေးတဲ့အတွက် လမ်းဆောက်လုပ်ရေး၊ တယ်လီကွန်မြူနစ်ကေးရှင်း ကွန်ရက်၊ ဆိပ်ကမ်းနဲ့ တခြား လိုအပ်တဲ့ အခြေခံအဆောက်အအုံပိုင်း တည်ဆောက်ရေးမှာ အခက်တွေ့ရပါတယ်။
အခုတော့ ထားဝယ်စီမံကိန်းဟာ မဟာဗျူဟာအရ အရေးပါတာကြောင့် ဂျပန်ကလည်း စီမံကိန်းရှယ်ယာထဲမှာ ပါဝင်လာတဲ့အတွက် လုပ်ငန်းတွေ ပြန်စနိုင်မယ့် လမ်းစပြန်ပွင့်နေပြီလို့ ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီ ညွှန်ကြားရေးမှူး ဆွမ်ချက် သင်နာဖွန်းက ပြောပါတယ်။
“အီတာလျံထိုင်းက ကုမ္ပဏီက ၂၅ ရာခိုင်နှုန်း ထည့်ဝင်ဖို့ လျာထားပါတယ်။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကိုတော့ ထိုင်းအစိုးရ၊ မြန်မာအစိုးရ၊ ဂျပန်အစိုးရ၊ ပုဂ္ဂလိကကုမ္ပဏီတွေက ထည့်ဝင်ဖို့ လျာထားပါတယ်။”
ဇူလိုင်လတုန်းက ထားဝယ်နဲ့ ဘန်ကောက်အရှေ့တောင်ပိုင်း ကီလိုမီတာ ၁၀၀ မှာရှိတဲ့ လီချာဘန်း ဆိပ်ကမ်းကို ဆက်သွယ်ဖို့ မြန်မာနဲ့ ထိုင်းအစိုးရတို့ သဘောတူခဲ့တဲ့နောက်ပိုင်းမှာ ထိုင်းက ဘန်ကောက်ဘဏ်၊ ဆီယံကွန်မာ ရှယ်ဘဏ်တို့ကလည်း စီမံကိန်းကို နောက်ထပ် ၈ လ၊ ၁၀ လလောက် ဆက်နိုင်လောက်တဲ့ ဘဏ်ငွေ ၁၀ ဘီယံလီ (အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၂၅) သန်းကို ချေးငွေထုတ်ပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
အဲဒီနောက်ပိုင်း ဂျပန်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ဂျပန်ဘန့်ခ်ကလည်း စီမံကိန်းအတွက် ဆိပ်ကမ်းနဲ့ အခြေခံအဆောက်အအုံပိုင်းအတွက် လိုအပ်မယ့် ငွေကြေးတွေကို နှစ်ရှည်ချေးငွေ ထုတ်ချေးပေးဖို့ သဘောတူထားပြီးလို့ သူက ပြောပါတယ်။
ညှိနှိုင်းမှုတွေထဲမှာ ပါဝင်တဲ့ သတင်းအရင်းအမြစ်ရဲ့ အဆိုအရ ဂျပန်နှစ်ရှည်ချေးငွေက အမေရိကန်ဒေါ်လာ ၃ ဒဿမ ၂ ဘီလီယံရှိမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဂျပန်ဟာ စီမံကိန်းရဲ့ ရှယ်ယာအများဆုံးထည့်ဝင်သူ ဖြစ်လာဖို့ ရှိပါတယ်။
ထားဝယ်စီမံကိန်းထဲမှာ ပါဝင်တဲ့ ရထားလမ်းတွေ၊ ကားလမ်းတွေဟာ ထားဝယ်နဲ့ အိမ်နီးချင်း၊ တရုတ်၊ အိန္ဒိယအပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေကို ချိတ်ဆက်ပေးနိုင်လာမှာဖြစ်ပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်းကနေ တရုတ်နဲ့ ဂျပန်ကိုသယ်မယ့် ကုန်ပစ္စည်းတွေ၊ အာဖရိကနေ တင်လာတဲ့ ကုန်ပစ္စည်းတွေလည်း မြန်မာပြည်မှာပဲ ဆိုက်ကပ်နိုင်မှာဖြစ်လို့ အရင်လို ပင်လယ်ရေလမ်းကြောင်းရှည်ကြီး သွားစရာမလိုအပ်တော့ဘဲ အချိန်နဲ့ ခရီးစရိတ်ကို ချုံ့လိုက်နိုင်မှာဖြစ်ပါတယ်။
ဒါအပြင် ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ၂၀၁၅ မှာ ပေါ်ပေါက်လာမယ့် အာဆီယံ ဘုံဈေးကွက်အတွက်လည်း အရေးကြီးတဲ့ နေရာကနေ ပါဝင်နိုင်မယ်လို့ အာဆီယံနိုင်ငံတွေက မျှော်မှန်းထားကြပါတယ်။
အာရှရဲ့ အကြီးဆုံး စက်မှုဇုန်ကြီးဖြစ်မယ့် မြန်မာပြည်တောင်ပိုင်းက ထားဝယ်စီမံကိန်းနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို ထိုင်းကုမ္ပဏီဖြစ်တဲ့ အီတာလျံထိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ ၂၀၁၀ တုန်းက လက်မှတ်ထိုးခဲ့ပါတယ်။
၁၀ နှစ်စီမံကိန်းအတွင်း ဒေသအတွင်းနေထိုင်တဲ့ ဆင်းရဲသား လယ်သမား၊ သီဟိုဠ်ခြံတောင်သူတွေ၊ ရာဘာခြံလုပ်ငန်းလုပ်ကိုင်သူတွေ ၃ သောင်းလောက် ပြောင်းရွှေ့ရဖို့ ရှိပါတယ်။
ထားဝယ်စီမံကိန်းအပေါ် မကျေနပ်တာတွေနဲ့ ကန့်ကွက်တာတွေ ပြင်းထန်ခဲ့ပြီးနောက် မဂ္ဂါဝပ် ၄ သောင်း ထုတ်လုပ်မယ့် ကျောက်မီးသွေးစက်ရုံတည်ဆောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းထားရပြီး အဲဒီနေရာမှာ ဘယ်လိုဓာတ်အားပေးစက်ရုံ တည်ဆောက်မလဲဆိုတာကိုတော့ အခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။