Home
မြန်မာသတင်း
ကချင်ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာ နာဂရေနွေးကြမ်းလိုခါးပြီး ရခိုင်မုန့်တီလို စပ်နိုင်
ပိုင်စိုး
·
February 5, 2019
ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာဟာ အစိုးရအဖွဲ့အတွက်တော့ နာဂတိုင်းရင်းသားတွေ သောက်တဲ့ ရေနွေးကြမ်းလိုခါးနိုင်ပြီး ကချင်ဟင်းလို ရခိုင်မုန့်တီလို စပ်နိုင်တယ်လို့ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တယောက်က ပြောကြားလိုက်ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေ အရ အသုံးစစ်ဆေးချက် အစီရင်ခံစာကို မနေ့က ကချင်ပြည်နယ်လွှတ်တော်မှာ တင်ပြခဲ့ပြီး ဒီနေ့ ဆွေးနွေးရာမှာ တနိုင်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်  ဦးဇော်ဝင်းက ပြောသွားတာပါ။ “ကချင်ပြည်နယ် စာရင်းစစ်ချုပ်ကြီးရဲ့ အစီရင်ခံစာ နားဆင်ရတာဟာ အရင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စာရင်းစစ်အစီရင်ခံစာကြားနာရတာထက် အရသာစုံတဲ့ ဟော့ပေါ့တခွက် သုံးဆောင်ရသလို အရသာ ရှိလှပါတယ်။ ကျနော်တို့လွှတ်တော်အပိုင်းဖြစ်တဲ့ ဥပဒေပြုကဏ္ဍက ခံစားရတာ ချိုမြိန်လှပေမယ့် အစိုးရအဖွဲ့အတွက်တော့ နာဂတိုင်းရင်းသားတွေ အမြဲသုံးဆောင်တဲ့ ရေနွေးကြမ်းလို ခါးကောင်းခါးပါ့မယ်။ ကချင်ဟင်းလို ရခိုင်မုန့်တီလို ငရုတ်သီး စပ်ကောင်း စပ်ပါ့မယ်” လို့ ပြောပါတယ်။ ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ ပြည်နယ်အစိုးရအဖွဲ့ဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေ မလိုက်နာဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။ မနေ့က အစီရင်ခံစာ တင်သွင်းရာမှာ ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင်က ငွေလုံးငွေရင်း အသုံးစရိတ်တွေနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကို စစ်ဆေးတဲ့အခါမှာ သက်ဆိုင်ရာ တည်/ကော် (တည်ဆောက်ရေးကော်မတီ) ရဲ့ စိစစ်အတည်ပြုချက် ရထားပြီးတဲ့ လုပ်ငန်းတွေ၊ ရာနှုန်းပြည့်ပြီးစီးတဲ့ လုပ်ငန်းတွေနဲ့ စာချုပ်မှာပါတဲ့ နှစ်ဦးနှစ်ဖက် တရားဝင် လွှဲပြောင်းထားတဲ့ လုပ်ငန်းတွေကိုပဲ စာရင်းစစ်ရုံးက စစ်ခွင့်ရှိတာကြောင့် ဒီအချက်တွေနဲ့ မကိုက်ညီတဲ့ လုပ်ငန်းပေါင်း ၂၁၃ ခု၊ တန်ဖိုး ကျပ်သန်းပေါင်း ၄ သောင်းကျော်ဖိုးကို မစစ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ဦးဇော်ဝင်းက “မစစ်ဆေးနိုင်တဲ့ လုပ်ငန်း ၂၁၃ ခုရှိတာမှာ ပြည်နယ်အစိုးရအဖွဲ့ရုံးအောက်မှာ ၁၄၂ ခုနဲ့ အများဆုံးရှိပြီး ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၂၀၂၄၈ ဒသမ ၀၉၉ လို့ စိစစ်ထားကြောင်းတွေ့ရပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ်တွင်းမှာရှိတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးအပါအဝင် ဌာနပေါင်း ၈ ခု၊ ငွေလုံးငွေရင်း ရန်ပုံငွေ လုပ်ငန်းပေါင်း ၂၀၅ ခုမှာ ပြည်နယ်အစိုးရအဖွဲ့ ကိုယ်တိုင်ကိုင်ပြီး လုပ်ငန်းပေါင်း ၈၀ တာဝန်ယူလုပ်ကိုင်ခဲ့တာ၊ နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက် ၁/၂၀၁၇ ကို မလိုက်နာဘဲ အထွေထွေ ပိုလျှံရန်ပုံငွေက ရရှိခဲ့တဲ့ ရန်ပုံငွေနဲ့ လုပ်ငန်းပေါင်း ၁၁ ခု၊ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၄၃၈၇ ဒသမ ၈၁၀ ရှိတဲ့ လုပ်ငန်းတွေကို တင်ဒါမခေါ်ဘဲ အစိုးရအဖွဲ့ရဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ အစည်းအဝေးအမှတ် ၃၅/၂၀၁၇ အရဆိုပြီး လုပ်ငန်း အပ်နှံ ကြိုတင်ဆောင်ရွက်ခဲ့တာကို ဘွင်းဘွင်းရှင်းရှင်း လယ်ပြင်မှာ ဆင်သွားသလို စိစစ်အစီရင်ခံထားပါတယ်” လို့ ဆိုပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တော်တော်များများဟာလည်း ကိုယ့်ဒေသက စီမံကိန်းတွေမပြီးတာ၊ အရည်အသွေးမပြည့်မီတာတွေကို ဝေဖန်ထောက်ပြတာ မလုပ်ခဲ့တဲ့အတွက် အပြန်အလှန် ထိန်းကျောင်းတာမှာ အင်မတန်အားနည်းနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024