Home
အထွေထွေ
ကမ္ဘာသို့ ဗုဒ္ဓအဘိဓမ္မာ မီးရှူးတိုင် ထွန်းညှိသူ (သို့) ဦးရွှေဇံအောင် (သုတကဖေး)
DVB
·
February 5, 2019
ကမ္ဘာက ဗုဒ္ဓသာသနာကို သိရှိဖို့ လုပ်ဆောင်ကြသူတွေထဲမှာ သီရိလင်္ကာနိုင်ငံမှာ တာဝန်ထမ်းဆောင်တဲ့ George Turner က မဟာဝံသကျမ်းကို အင်္ဂလိပ်လို ပြန်ဆိုထုတ်ဝေခဲ့တယ်။ ဒါ ပထမဆုံး ဗုဒ္ဓစာပေကို အနောက်ကမ္ဘာပေါ် ခြေချလိုက်ခြင်းပါပဲ။ ၁၈၃၇ ခုနှစ်ထဲမှာပါ။ တကယ်ကျယ်ပြန့်ပြီး လူအများ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့သူကတော့ Edwin Arnold ပါပဲ။ သူ့ရဲ့ The Light of Asia အာရှတိုက်ရဲ့ အလင်းရောင်ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်တွေကြောင့် ဗုဒ္ဓသာသနာအပေါ် အနောက်အုပ်စုတွေ စိတ်ဝင်စားလာကြတယ်။ အဲဒီအချိန်မှာ ပါဠိစာပေအသင်း (Parli Text Society) ကို Thumas Willian Rhys Davids တို့က တည်ထောင်ခဲ့ကြတယ်။ နောက်တော့ သူ့ဇနီး Mrs.Rhys Davids လည်း အပါအဝင် ဖြစ်လာတယ်။ မစ္စစ်ဒေးဗစ်ကိုတော့ နောက်ပိုင်းမှာ “ပါဠိဒေဝီ” လို့ တင်စားခေါ်ခဲ့ကြရတယ်။ လယ်တီကျောက်စာမှာ ရေးထိုးထားတာတွေက သူ့အမေးကို ဆရာတော်ကြီးက ဖြေထားတာတွေပေါ့။ သူတို့ ပါဠိအသင်းကလည်း သုတ္တံနဲ့ ဝိနည်းပိုင်းဆိုင်ရာတွေကို ရေးသားပြန်ဆို ထုတ်ဝေခဲ့ကြတာတွေ ရှိတယ်။ ၁၉၀၀ ပြည့်နှစ်ထဲမှာတော့ ဗုဒ္ဓဝါဒမဂ္ဂဇင်းကို အင်္ဂလိပ်လို ထုတ်ဝေခဲ့တယ်။ သုံးလတကြိမ်ထုတ်ပါ။ အဲဒီစာစောင်မှာ ဦးရွှေဇံအောင်က အဘိဓမ္မာကို ဝင်ရေးရာက ဦးစီးထုတ်ဝေသူ အရှင်မေတ္တေယျနဲ့ တွေ့ဆုံပြီး အင်္ဂလန် ပါဠိကျမ်းစာအသင်း ဥက္ကဋ္ဌဖြစ်တဲ့ မစ္စစ်ဒေးဗစ်နဲ့ သိကျွမ်းခဲ့ပါတယ်။ ဦးရွှေဇံအောင်ဟာ ၁၈၉၅ ခုနှစ်ထဲမှာ ဆရာတော် ဦးဂန္ဒမာထံ အဘိဓမ္မာကို သင်ယူလေ့လာခဲ့သလို လယ်တီဆရာတော်ထံမှာလည်း လေ့လာဆည်းပူးခဲ့သူ ဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓအဘိဓမ္မာပိုင်းမှာ အတော်ကျမ်းပေါက်အောင် ဆည်းပူးပြီးဖြစ်တယ်။ ၁၉၁၀ ခုနှစ်ထဲမှာ “အဘိဓမ္မတ္ထသင်္ဂဟ” ကျမ်းကို (Compendium of Philosophy) ဆိုတဲ့အမည်နဲ့ ပြန်ဆိုထုတ်ဝေခဲ့ပါတယ်။ ဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စရပ်လေးအကြောင်း ပြောရဦးမယ်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ဦးရွှေဇံအောင် ပြန်ဆိုနေချိန်မှာပဲ လန်ဒန်ပါဠိကျမ်းစာ အသင်းကလည်း အင်္ဂလိပ်လို ပြန်ဆိုနေချိန်ပါ။ တိုင်ဆိုင်မှုတခုပါပဲ။ ပါဠိအသင်းကလည်း သုတ္တံနဲ့ ဝိနည်းတော်တို့သာ ပြန်ဆိုပြီးတာရှိတော့ ကျန်နေသေးတဲ့ အဘိဓမ္မာကို ပြန်ဆိုဖို့ လိုသေးတာကြောင့် ကြိုးစားလုပ်ဆောင်ခြင်းပါပဲ။ တကယ်တော့ ဗုဒ္ဓအဘိဓမ္မာဟာ အလွန်ခက်ခဲနက်နဲတဲ့ အပိုင်းပါ။ အဘိဓမ္မာဆိုရာမှာ အဘိနဲ့ ဓမ္မ နှစ်ခုပေါင်းထားတာ။ “အဘိ” ဆိုတာ “သာလွန်နူးညံ့နက်နဲခြင်း” အဓိပ္ပာယ်ရတယ်။ “အဘိဓမ္မ သင်္ဂဟ” ကျမ်းဆိုတာကလည်း ဗုဒ္ဓရဲ့အဘိဓမ္မာ (၇) ကျမ်းကို အနှစ်ချုပ်ထားတာဆိုတော့ ပိုလို့ ခက်ခဲနက်နဲ ရှုပ်ထွေးလှပါတယ်။ အဲဒီအဘိဓမ္မာ ၇ ကျမ်းကိုပဲ “သင်္ဂြိုဟ်” လို့ ခေါ်ကြပါတယ်။ ဒီကျမ်းကိုပဲ လန်ဒန်ပါဠိအသင်းကလည်း ဘာသာပြန်ဆိုနေခဲ့တာ။ ဒါကိုတော့ ဦးရွှေဇံအောင် မသိခဲ့ရှာပါဘူး။ သူယုံကြည်ရာ သူလုပ်ဆောင်နေတဲ့ သဘောပါပဲ။ ဒီလိုနဲ့ ဦးရွှေဇံအောင်ဟာ ပြန်ဆိုလို့ပြီးတာနဲ့ လန်ဒန်ရှိ ပါဠိအသင်းကို ပို့လိုက်ပါတော့တယ်။ ပါဠိအသင်းကြီးကလည်း ဦးရွှေဇံအောင်ရဲ့ ဘာသာပြန်ချက် ရောက်လာတာနဲ့ ဝိုင်းဝန်းဖတ်ရှု ဆွေးနွေးကြပြီး သူတို့ပြန်ဆိုချက်ကို ရပ်ဆိုင်းထားလိုက်ပါတော့တယ်။ ဦးရွှေဇံအောင်ရဲ့ ပြန်ဆိုမှုဟာ ပိုတိကျ ကောင်းမွန်ရှင်းလင်းတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်မှ ဦးရွှေဇံအောင်နဲ့ ညှိနှိုင်းဆွေးနွေးပြီး သူ့ပြန်ဆိုချက်ကိုပဲ ထုတ်ဝေလိုက်ပါတော့တယ်။ အဲဒီအချိန်ကစပြီး အင်္ဂလန်နဲ့ အနောက်ကမ္ဘာတို့မှာ ဗုဒ္ဓအဘိဓမ္မာကို လေ့လာနိုင်ကြတော့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ပထမဦးဆုံး ဗုဒ္ဓအဘိဓမ္မာ မီးရှူးတိုင်ကို စတင်ထွန်းညှိပေးသူဟာ ဦးရွှေဇံအောင်ပဲဖြစ်တယ်လို့ မှတ်တမ်းတင်လိုက်ကြပါတော့တယ်။ ဒီမှာ ပြောချင်တာတခုက အင်္ဂလန်ရှိ ပါဠိကျမ်းစာအသင်းဟာလည်း နယ်နယ်ရရတွေတော့ မဟုတ်ဘူး။ ဥက္ကဋ္ဌဖြစ်သူ မစ္စစ်ဒေးဗစ်ဆိုတာ လယ်တီဆရာတော်ကြီးကို ဗုဒ္ဓဘာသာနဲ့ အဘိဓမ္မာ ဆိုင်ရာ မေးခွန်းတွေကို ပါဠိလိုမေးပြီး ဆရာတော်ကြီးကလည်း ပါဠိလိုပြန်ဖြေတာ။ ပါဠိနဲ့ ဗုဒ္ဓစာပေဆိုင်ရာမှာ အတော်နှံ့စပ် ကျွမ်းကျင်သူပါ။ သူတို့နှစ်ဦးရဲ့ ပါဠိလို အမေးအဖြတွေကိုလည်း ဦးရွှေဇံအောင်ပဲ အင်္ဂလိပ်လို ပြန်ဆိုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ပါဠိစာပေ နှံ့စပ် ကျွမ်းဝင်သူတွေဟာ သူတို့ပြန်ဆိုနေဆဲ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ဆက်မပြန်တော့ဘဲ ရပ်ဆိုင်းလိုက်ခြင်းဟာ အံ့ဖွယ်သဘောထား ကြီးမြတ်မှုလို့ ဆိုကြရမှာပါ။ ငါတို့အသင်းပဲ၊ ငါတို့ပြန်ဆိုမယ်ဆိုတဲ့ လက်ဝါးကြီးအုပ်လိုစိတ် မရှိဘဲ သင့်လျော်ကောင်းမွန်ရာကို လက်ခံလုပ်ဆောင်ပေးခဲ့တဲ့ ပညာရှင် သဘောထားကြီးမြတ်မှုကို အစဉ်နှလုံးသွင်းမိ လေးစားမိပါတယ်။ ဦးရွှေဇံအောင်ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကတော့ ဆရာရွှေဥသြတို့ ရေးတာတွေ မောင်သုတရဲ့ စာဆိုတော်များ အတ္ထုပ္ပတ္တိတို့မှာ ပါရှိပြီးဖြစ်လို့ အထူးပြောစရာ မရှိပါဘူး။ ဒါပေမယ့် မဖြစ်မနေ ပြောရမှာ ရှိပါသေးတယ်။ ဒါကတော့ ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်ကနေ ထိုက်ထိုက်တန်တန် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ (LL.D) ပေးအပ်ချီမြှင့်ခံရသူဟာ ရှားရှားပါးပါး လယ်တီဆရာတော်ကြီးနဲ့ လူပုဂ္ဂိုလ်ထဲက ဦးရွှေဇံအောင်တို့ပါ။ ထူးခြားတာက အဲဒီဘွဲ့နှင်းသဘင်ကို နှစ်ဦးစလုံး မတက်ရောက်နိုင်ခြင်းပါပဲ။ လယ်တီဆရာတော်ကြီးကိုတော့ ဆရာတော်ကြီးရှိရာ စစ်ကိုင်းချောင်ကို တက္ကသိုလ်အဓိပတိဖြစ်သူ ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ကိုယ်စား ထိပ်တင်ဖြူက ဆက်ကပ်ခဲ့ပါတယ်။ ၁၉၂၁ ခုနှစ် ဂျူဗလီဟောမှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင်ကိုတော့ မတက်ရောက်ခဲ့ပါ။ နောက်လူပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ ဦးရွှေဇံအောင်ကိုလည်း ၁၉၃၂ ခုနှစ်မှာ “စာပေပါရဂူဘွဲ့" LL.D ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးရွှေဇံအောင်တယောက် တက်ရောက်မယူနိုင်ခဲ့ပါဘူး။ ဘွဲ့နှင်းသဘင် မကျင်းပမီ (၁၀) ရက်ခန့်အလို ၁၉၃၂ ခု မေလ (၁၁) ရက်နေ့မှာ ဘဝတပါး ပြောင်းရွှေ့သွားခဲ့ပါပြီ။ အင်္ဂလန်နိုင်ငံ ပါဠိကျမ်းစာအသင်းကြီးနဲ့ အောက်စဖို့တက္ကသိုလ် အဘိဓမ္မာ အသင်းတို့မှာတော့ ဗုဒ္ဓအဘိဓမ္မာကို ကမ္ဘာသိအောင် မီးရှူးတိုင်ကို စတင်ထွန်းညှိပေးသူဟာ ဦးရွှေဇံအောင်ဖြစ်ပြီး ဗုဒ္ဓအဘိဓမ္မာ မီးရှူးတိုင်ကို လက်ဆင့်ကမ်း သယ်ဆောင်ထွန်းညှိခဲ့သူကတော့ ဆရာတော် ရှင်သေဌိလဖြစ်ကြောင်း သတ်မှတ်ကမ္ပည်းထိုးထားတယ်လို့ ဆိုပါတယ်။ မှတ်ချက်။ ဦးရွှေဇံအောင်ဟာ လက်ဝဲသုန္ဒရရဲ့ “မဲဇာတောင်ခြေရတုပုဒ်စုကိုလည်း အင်္ဂလိပ်လို ပြန်ဆိုခဲ့တယ်။ ပါမောက္ခ ဂျီဗန်ရဲ့ Logic စာအုပ်ကိုလည်း တက္ကိယန ဒီပနီ ဆိုပြီး ပြုစုခဲ့တယ်။ ဗုဒ္ဓသာသနာဆိုင်ရာ ပြုစုခဲ့တဲ့ကျမ်းတွေက ၁။ ဇရာလက္ခဏဒီပနီကျမ်း (အိုမင်းရင့်ရော်အသွင်ပြကျမ်း) ၂။ တက္ကိယနဒီပဏီကျမ်း (ကြံဆသောနည်းကိုညွှန်ပြသောကျမ်း) ၃။ ကာယင်္ဂသမ္ဘာရဒီပနီ (ကိုယ်အင်္ဂါဖွဲ့စည်းပုံညွှန်ပြသောကျမ်း) ၄။ ရူပဒီပနီကျမ်း (ရုပ်ကိုညွှန်ပြသောကျမ်း) ၅။ ယမကခေါ် ယမိုက်ကျမ်း (အစုံစုံဟောတော်မူသောကျမ်း။ ၆ကျမ်းမြောက်အဘိဓမ္မာ) ၆။ ကထာဝတ္ထု (ဒေသနာအစဉ်ပြကျမ်း) ၇။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းတို့ ဖြစ်တယ်။ ဆရာဋ္ဌေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024