အသင်းကို ပြန်မလာရန် မိုလ်ဒီအသင်းပိုင်ရှင် ပြောထားဟု ဆိုးလ်ရှားဆို

2.2K
မန်ယူအသင်းမှာ ပျော်ရွှင်စွာနေပြီး အသင်းကိုပြန်မလာဖို့ မိုလ်ဒီအသင်းပိုင်ရှင်က ပြောကြားထားတယ်လို့ နည်းပြဆိုးလ်ရှားက ဝန်ခံပြောကြားလိုက်ပါတယ်။
ဆိုးလ်ရှားဟာ မန်ယူအသင်းကို စတင်ကိုင်တွယ်ချိန်က စပြီး လက်ရှိအချိန်အထိ ရှုံးပွဲမရှိ သေးဘဲ ၉ ပွဲနိုင် ၁ ပွဲ သရေရလဒ်ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ပရိသတ်အများစုက ဆန္ဒရှိနေကြပေမယ့် မန်ယူအသင်းဘက်ကတော့ ရာသီကုန်ဆုံးချိန်ရောက်မှ ဆုံးဖြတ်ချက်ချဖို့ ရှိနေတာဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ နော်ဝေကလပ် မိုလ်ဒီအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်း ဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ လာရောက်နည်းပြနေတာဖြစ်ပါတယ်။
ဒါပေမယ့် မိုလ်ဒီအသင်းကတော့ မန်ယူအသင်းဘက်က စတင်ကမ်းလှမ်းတဲ့ အချိန်ကတည်းက အသင်းကို ပြန်မလာတော့နဲ့လို့ ပြောဆိုထားကြောင်း ဆိုးလ်ရှားက ထုတ်ဖော်ပြောကြားသွားပါတယ်။
ယူနိုက်တက်နည်းပြ ရာထူးဟာ သူ့ရဲ့အိပ်မက်ဖြစ်တယ်ဆိုတာ အသင်းပိုင်ရှင်က သိတာကြောင့် အသင်းမှာ ပျော်ရွှင်အောင်နေဖို့နဲ့ မိုလ်ဒီအသင်းဘက်ကို ပြန်ကြည့်တဲ့အနေနဲ့ အသင်းဆီ ပြန်မလာဖို့ မိုလ်ဒီအသင်းပိုင်ရှင်က သူ့ကိုပြောကြားခဲ့တယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။
သတင်းတွေအရတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီအသင်းကို ကျော်ဖြတ်ပြနိုင်မယ်ဆိုရင် ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့် အပ်မယ်လို့ ဖော်ပြနေပေမယ့် မူလက စာချုပ်ထားတဲ့အတိုင်းပဲ ရာသီကုန်ဆုံးချိန်ရောက်မှ မန်ယူအသင်းက ဆုံးဖြတ်ချက်ချသွားဖို့ ရှိနေပါတယ်။