Home
မြန်မာသတင်း
ကချင်တွင် အန်အယ်လ်ဒီညီလာခံအတွက် အဆင်သင့်မဖြစ်သေး
အေးနိုင်
·
September 23, 2012
စစ်ဖြစ်နေတဲ့ ကချင်ပြည်နယ်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညီလာခံခေါ်ယူရေးနဲ့ ပတ်သက်လို့ အဆင်သင့်မဖြစ်သေးဘူးလို့ ကချင်ပြည်နယ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းက ပြောပါတယ်။ ရပ်/ကျေး၊ မြို့နယ်နဲ့ ခရိုင် ကော်မရှင်အဆင့်တွေတောင် ပြီးစီးအောင် မဖွဲ့နိုင်သေးတဲ့အတွက် အဆင်သင့်မဖြစ်တာလို့ ပြောပါတယ်။ ကော်မရှင်အဆင့်ဆင့် ဖွဲ့ပြီးရင်တောင် ပါတီဝင်ကတ်တွေ ရရှိရေးဆောင်ရွက်ပေးပြီးမှသာ ပါတီဝင်စာရင်းကောက်ယူရဦးမယ်လို့ ဆိုပါတယ်။ ဦးဒါရှီလဆိုင်းက “ပါတီဝင်တွေအားလုံး ဒီညီလာခံမှာ ပါဝင်နိုင်ဖို့ ဆောင်ရွက်ပြီးမှသာလျှင် ညီလာခံကို ကျင်းပနိုင်မယ့် အဆင့်ပေါ့။ ကော်မရှင်ဖွဲ့ဖို့တောင် မပြီးသေးတဲ့အဆင့်ဆိုတော့ ကော်မရှင်ဖွဲ့ဖို့တောင် မရောက်သေးဘူး” လို့ ပြောပါတယ်။ ကချင်ပြည်နယ်ဟာ တခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့မတူဘဲ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရှောင်ဒုက္ခသည် ၉ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုညီလာခံကို ဒီနှစ်နောက်အကျဆုံး ဒီဇင်ဘာမှာ ကျင်းပမှာဖြစ်တာကြောင့် အောက်ခြေအဆင့်ညီလာခံတွေကို ၂ လခန့်အတွင်း ဖြစ်အောင် ကျင်းပနိုင်ပါ့မလားလို့ မေးတဲ့အခါမှာတော့ ကျင်းပနိုင်လိမ့်မယ်လို့ သူထင်တယ်လို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။ “အဓိကတော့ ပါတီဝင်အင်အားတွေရှိတဲ့နေရာတွေကို ဖော်ဆောင်သွားပေးဖို့။ ဥပမာ မြစ်ကြီးနား ဆိုရင် မြို့ပေါ်မှာရှိတဲ့ မြို့ပေါ်ရပ်ကွက် ရပ်ကျေးတွေ သတ်မှတ်ထားတဲ့ ညီလာခံစီမံချက်အတိုင်း ပြည့်မီတယ်ဆိုရင် အဲနေရာတွေကို အရင်လုပ်ပေးပြီးမှ ကျန်တဲ့နေရာတွေကို အခြေအနေပေါ်မူတည်ပြီး လုပ်ဖို့ ရည်ရွယ်ထားတယ်လေ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024