ရင်ဖွင့်စာ
DVB
·
February 3, 2019
အစိုးရ အောက်ခြေ၀န်ထမ်းတွေ ရာထူးတိုးလား   ကျနော်က အစိုးရဝန်ထမ်းတယောက်ပါ၊ အောက်ခြေဝန်ထမ်းဆိုပါတော့ မိတ္ထီလာ MAEU ကျောင်းမှာ တာဝန်ထမ်းဆောင်နေပါတယ်။ တက္ကသိုလ်ဝင်တန်း(၁၀တန်း)အဆင့်နဲ့ သင်ကြားရေးဌာနမှာ ရုံးအကူ ဓာတ်ခွဲကျွမ်းကျင်-၅ ရာထူးနဲ့ Research Dept; ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ရာ လုပ်သက် ၈ နှစ်ရှိပြီး အထက်လူတွေ အလျှိုလျှို ရာထူးတိုးခဲ့ပေမယ့် ကျနော့်တို့အောက်ခြေဝန်ထမ်းတွေမှာ ရာထူးတိုးဖို့ဆိုတာရော ရှိလားလို့ သက်ဆိုင်ရာ အကြီးအကဲများ သိစေရန် ပြောပြပေးပါအုံးဗျာ။ ပြီးတော့ ကျနော်တို့ အောက်ခြေဝန်ထမ်းတွေမှာ အခက်အခဲများစွာ ရှိတယ်ဆိုတာလည်း ပြောချင်ပါတယ်ဗျ။ ကျနော်ဆို အရင်က သင်ကြားရေးဘက်မှာ တာဝန်ထမ်းဆောင်ချိန် ရုံးတက်ရုံးဆင်း ပြဿ နာမရှိပေမယ့် အခုလက်ရှိ Research Dept; မှာ ရုံးတက်ရုံးဆင်းတဲ့အခါမှာ အခက်အခဲ ရှိပါတယ်။ ဝန်ထမ်းအိမ်ယာ မလောက်ငှလို့ (သို့) အောက်ခြေဝန်ထမ်းဖြစ်လို့ (သို့) အခြားသော အကြောင်းကြောင်းကြောင့် စသည့်ဖြင့်ကျနော်မသိသော အရာများလည်းရှိနိုင်ပါတယ်။ မြို့စွန်မြို့ဖျားကနေ ရုံးတတ်ရုံးဆင်းပြုလုပ်နေရတဲ့ အခက်အခဲကို အထက်လူကြီးတွေ သိစေဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ အောက်ခြေ၀န်ထမ်းတဦး သက်သေခိုင်လုံပြနိုင်မှ အမှု ဖွင့်ပေးတာလား ကျနော်တို့ မြို့သာမြို့က ရဲတွေအကြောင်း ပြောပြချင်ပါတယ်ခင်ဗျ။ လူနေအိမ်ကို အဆောက်အုံ မီးနဲ့ရှို့တဲ့သူကို သွားတိုင်တာ အခြားမျက်မြင်သက်သေမရှိလို့ အမှုဖွင့်မပေးပါဘူး ခင်ဗျ။ သက်သေခိုင်လုံပြနိုင်မှ ဖွင့်ပေးတာလားသိချင်ပါတယ်။ မှတ်တမ်းတွေယူပြီး ရှို့မီးလို့ မှတ်ချက်ပေးရုံပေးပြီး အမှုဖွင့်မပေးပါဘူးခင်ဗျ။ အများသိစေချင်လို့ တင်ပြလိုက်ရပါတယ်။ မြို့သားမြို့ခံတဦး ထူးဆန်း မုန်လာဖျက်ပိုးကြောင့် ကျေးရွာ ၆ ရွာ အခက်ကြုံ ထူးဆန်းသော မုန်လာဖျက်ပိုးကြောင့်ကျေးရွာ ၆ ရွာက တောင်သူတွေ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတဲ့အကြောင်း ပို့လာတာပါ။ ကိုကျော်ကျော်ဦး ပြည်က ပို့လာတာပါ။ ပဲခူးတိုင်း ပြည်မြို့နယ် မှော်ဇာမြို့ ယဉ်ကျေးမှုဇုန်အတွင်းရှိ ရွှေကြို့ပင်၊ တောင်လုံးညို၊ ရှမ်းစု ရွှေလောင်းကန်၊ တာပါတ် နဲ့ သစ်စိမ့်ပင် ကျေးရွာတွေမှာ ရာသီအလိုက်စိုက်ပျိုးထားတဲ့ ထူးဆန်းတဲ့ မုန်လာဖျက်ပိုးတွေကျရောက်ပြီး အခင်းလိုက် ပျက်စီးပြီး နွားစာအဖြစ် လွတ်ကျောင်းကျွေးထားနေရပါတယ်။ တာဝန်ရှိသူများ သိစေချင်ပါတယ်။ တောင်သူတဦး နမ့်ဟူကျေးရွာက ဓားလွယ်ပြီး မူးယစ်ဆေးရောင်းသူ ရှမ်း/မြောက် ကွမ်းလုံမြို့နယ် နမ့်ဟူးကျေးရွာ က ငါးဂိမ်းဆိုင်တော့ ပိတ်သွားပါပြီရှင့်။ မူးယစ်ဆေးဝါးနဲ့ ဆေးပြားတွေကျတော့ နေရာပြောင်းပြီး ရောင်းနေဆဲပါ။ ရောင်းတဲ့သူက ဓားကို ဆလွယ်တိုင်းလွယ်ပြီး ပဲသီးခြံထဲမှာ တနေရာပြီး တနေရာ ရောင်းနေမြဲပါ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရွာထဲမှာ အပ်ကျတာကအစ သိတယ်ရှင့်။ ဒါပေမယ့် ကိုယ်နဲ့ မဆိုင်သလိုနေနေတယ်။ ဘယ်သူဘာပဲသုံးသုံး ငါ့မိသားစုမသုံးရင် ပြီးရော ပုံစံနဲ့ နေနေပါတယ်။ ဘယ်သူမှ လာမဖမ်းရဲပါ။ ရှမ်း/မြောက် ကွမ်းလုံမြို့နယ် နမ့်ဟူးကျေးရွာက မူးယစ်ဆေးရောင်းတာ အရမ်းနာမည်ကြီးပါတယ်ရှင့်။ ပြည်သူတွေအတွက် ကိစ္စတခု အေးသွားပေမယ့် နောက်တခု ထပ်ပူနေရတာကို အများသိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ နမ့်ဟူကျေးရွာသူတဦး ဘာကြောင့် ခွဲခြားပြီး ရာထူးတိုး အမိန့်ကို မထွက်ပေးတာလဲ ကျနော်တို့ဟာ ရာထူးတိုးကို ၂၀၁၇ ဒီဇင်ဘာလမှာ တင်ခဲ့ရပါတယ်။ ၂၀၁၈ မှာ ရာထူးတိုးအတွက် စာမေးပွဲဖြေရပါတယ်။ ဒါပေမယ့် မခန့်ခဲ့ပါဘူး။ ရာထူးတိုးပယ်ဖျက်ကြောင်း စာထွက်လာပါတယ်။ ရာထူးတိုးတင်တဲ့ အချိန်က သင်ကြားရေးဆရာ/မ တွေနဲ့ အတူတူပါပဲ။ သင်ကြားရေး ပိုင်းက ရာထူးတိုးထွက်ပြီး၊ ရုံးပိုင်ဆိုင်ရာ ရာထူးတိုး မထွက်ပေးခြင်းဟာ ဌာနတခုထဲမှာ ခွဲခြားအုပ်ချုပ်မှုစနစ်ကို ခံစားရပါတယ်။ ကျန်ာတို့လည်း ဘွဲ့ရဝန်ထမ်းတွေပါပဲ။ ပညာရေးဌာနအတွက် စာရင်း ဇယားပိုင်းကို ဆောင်ရွက်နေသူပါ။ ဘာကြောင့် ခွဲခြားပြီး ရာထူးတိုး အမိန့်ကို မထွက်ပေးတာလဲ သိချင်ပါတယ်။ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိန်းကြီးရေ။  ဦးမောင်တူးရေ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု သမ္မတကြီး ကြားသိရအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ ပညာရေးဝန်ထမ်းတဦး ရောင်းသူမမိ၊ သုံးသူသာမိတဲ့ ကောလင်းမြို့နယ်က မူးယစ်ဆေး ကောလင်းမြို့နယ် ကြို့ပင်နဲ့ ဘိုအင်း ကျေးရွာတွေမှာ မူးရစ်ဆေးများ ရောင်းဝယ်ဖောက်ကား နေကျပါတယ်။ ရောင်းသူများ မမိ့ဘဲ ဆေးဖြတ်နေတဲ့ ဆေးသမားများ လျော့ဖြတ်နေစဉ် မခံနိုင်လို့ နဲနဲသွားဝယ် ငတ်တလှည့် ပြတ်တလည့် နဲ့ဖြတ်နေစဉ် ဖမ်းဆီးရေးအဖွဲ့က ဖမ်းမိသွားကြပါတယ်။ သူတို့နောက်မှာ မိသားစုတွေ ရှိကြပါတယ်။ အရွယ်မရောက်သေးသူတွေလည်း ပါပါတယ်။ စနစ်တကျ ဖမ်းကြပါ။ ကြည့်လုပ်ကြပါဦးလို့ ပြောချင်ပါတယ်။ ဒေသခံတဦး အင်္ဂပူမြို့မှ အကျင့်ပျက်ခြစားမှူများ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့တွင် အင်္ဂလိပ်ခေတ်က မိုးရာသီ မိုးရေကြီးရေလျှံမှုကာကွယ်ရန် တူးဖော်ထားရှိသော ရေစုမြေသားကန်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်မြေစာရင်း ဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဌာနတို့ပူးပေါင်း မြေဖို့ပြီး ဂရံမြေကွက်ပြုလုပ်ကာ မြေကွက်များ ရောင်းစားမှုများဖြစ်ပေါ်နေပါတယ်။ အမှတ် ၃ ရပ်ကွက် ဇေယျသုခလမ်း ဘေးရှိ ရေစုကန် ၂ ကန်မှာ မြေဖို့ပြီး ဂရံမြေကွက် ပြုလုပ်ရောင်းချပြီးဖြစ်နေပါတယ်။ ယခုလည်း မြို့ခံပြည်သူများ၏ မကျေနပ်ချက်များအား မျက်ကွယ်ပြုလျက် အမှတ် ၃ ရပ်ကွက် ကျွန်းရွှေဝါလမ်းဘေးရှိ ရေစုကန်အား မြေဖို့ရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် ရပ်ကွက်အတွင်း ရပ်ကျေးဖွံဖြိုးရေးရန်ပုံငွေဟုဆိုကာ ရပ်ကွက်တွင်း အိမ်တိုင်းစေ့ လစဉ် ငွေကြေးကောက်ခံမှုများ ရှိနေသောကြောင့် အထက်ဌာနဆိုင်ရာ ထွေ/ အုပ်မှ အမိန့်ပေးစေခိုင်းချက်ကြောင့်လားဟု ဒေသခံ ပြည်သူများမှ သိချင်နေကြပါတယ်။ အဆိုပါအချက်များအား  နိုင်ငံတော်သမ္မတ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် မြေယာစိစစ်ရေးကော်မတီ အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာ အရာရှိကြီးများမှ သိရှိကြီးကြပ်နိုင်ပေးစေရန်ပါရန် ဒီဗွီဘီမှတဆင့် တင်ပြအပ်ပါတယ်။ အင်္ဂပူမြို့ခံတဦး အစိုးရနေ့စားဝန်ထမ်း ရုံးပိတ်ရက် အလုပ်ဆင်းရင် လုပ်အားခ ရပါသလား အလုပ်သမားတွေအတွက် နေ့လုပ်အားခ ၄၈၀၀ လို့ အစိုးရမှ တရားဝင် သက်မှတ် ပေးထားပါတယ်။  ဒီထဲမှာ အစိုးရ (နေ့စား) ၀န်ထမ်းတွေလည်း ပါပါတယ်။ အခု ကျနော်သိချင်တာက အစိုးရဌာနဆိုင်ရာ အသီးသီးမှာ (နေ့စားဝန်ထမ်း ) ၀င်လုပ်နေတဲ့ ၀န်ထမ်းတွေက ၄၈၀၀ ရပါတယ်။ ဒါပေမယ့် စနေ၊ တနင်္ဂနေ့ နေ့တွေနဲ့ အစိုးရ ရုံးပိတ်ရက်တွေ အတွက် နေ့စား ၄၈၀၀ နှုန်း ရ/မရ သိချင်တာပါ။ ရုံးပိတ်ရက်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံးကနေ  အလုပ်ခေါ်လုပ်ခိုင်းရင် အဲနေ့ အတွက် လုပ်အားခ ၄၈၀၀ ရပါသလားခင်ဗျ။  မရဘူးဆိုလည်း အစားထိုးပိတ်ရက်ဆိုတာ ပေးပါသလား။ စနေ ၊ တနင်္ဂနွေနေ့နဲ့ အခြားရုံးပိတ်ရက်အတွက် ရ/မရ သိချင်ပါတယ်ခင်ဗျ။  ရုံးချိန်ပြင်ပဖြစ်တဲ့ ( 9:30 am to 4:30) အချိန်တွေရော ရုံးမှာ ခေါ်ထားခွင့်ရှိပါသလားခင်ဗျ။ အစိုးရနေ့စားဝန်ထမ်းတဦး ရပ်ကွက်ထဲက လောင်စာဆီဆိုင်တွေကို တားဆီးပေးပါ ဒီဗွီဘီ မန္တလေးမှာ လောင်စာဆီဆိုင်တွေ ရပ်ကွက် နေအိမ်တွေထဲမှာ ဖွင့်လှစ်ရောင်းချနေပါတယ်။ စည်ပင်ကလည်း အိမ်ထဲရောင်းတာကို ဖမ်းမရပါတဲ့။ လူနေထူထပ်တဲ့ ရပ်ကွက်ထဲမှာပါ။ ပြည်သူတွေ မီးဘေးအန္တရာယ် စိုးရိမ်ရပါတယ်။ အုပ်ချုပ်ရေး မီးသတ်များကလည်း ဆောင်ရွက်မရဟု သိရပါတယ်။ နိုင်ငံအကြီးကဲများ သိအောင် တင်ပြပေးစေချင်ပါတယ် ကျေးဇူးတင်ပါတယ်။ မန္တလေးမြို့ခံတဦး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024