အမေရိကန်နှင့် နျူကလီယားလက်နက် သဘောတူစာချုပ် ယာယီဆိုင်းငံ့မည်ဟု ရုရှားပြော

စစ်အေးခေတ်ကာလက အမေရိကန်အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ်  နျူကလီယားလက်နက် သဘောတူစာချုပ် (INF) ကို ယာယီဆိုင်းငံ့မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ရုရှားအနေနဲ့ ၁၉၈၇ ခုနှစ် လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ် ချိုးဖောက်မှုတွေကို အဆုံးမသတ်သရွေ့ အမေရိကန်ဟာ ၆ လအတွင်း ဒီသဘောတူစာချုပ်ကနေ နုတ်ထွက်မှာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်က ရုရှားအနေနဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေအပါအ၀င် ဒုံးကျည်သစ်တွေ စတင်ထုတ်လုပ်ပြီး  အမေရိကန် အစိုးရနဲ့ လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲ မစတင်ဖို့ ၀န်ကြီးတွေကို ညွှန်ကြားခဲ့ပါတယ်။ ယူကရိန်း ခရိုင်းမီးယားဒေသကို ရုရှားသိမ်းယူမှု၊ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှား ၀င်စွက်ဖက်တဲ့ စွပ်စွဲမှုတွေနဲ့ ဗြိတိန်မှာ အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်မှု စတဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး ရုရှားနဲ့ အမေရိကန်အကြား ဆက်ဆံရေးဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေ ပါတယ်။ (INF) သဘောတူစာချုပ်နဲ့ ပတ်သက်လို့ အငြင်းပွားမှုဟာလည်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ နောက်ထပ်  အဖုအထစ်တခု ဖြစ်လာပါတယ်။ အဆိုပါ INF သဘောတူစာချုပ်ကို ဆိုဖီယက်ယူနီယံခေါင်းဆောင် ဂေါ်ဘာချော့ဖ်နဲ့ အမေရိကန် သမ္မတ ရော်နယ်ရီဂင်တို့အကြား ၁၉၈၇ ခုနှစ်က ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up