မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေရဲ့ ပွဲစဉ် ၂၂ မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက ဂျူဗင်တပ်စ်တို့ ပါးမားအသင်းကို မထင်မှတ်ပဲသရေကျခဲ့ပေမယ့် ဒုတိယနေရာကနာပိုလီကို ၉ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။
ဒီရာသီ စီးရီးအေ ရှုံးပွဲမရှိသေးတဲ့ ဂျူဗင်တပ်စ်တို့ရဲ့ တတိယမြောက်သရေပွဲလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်က အတ္တလန်တာကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ကိုပါအီတလီယာ ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရသလို အခုပွဲမှာလည်း အစောပိုင်း ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ပါးမားအသင်းရဲ့ ချေပဂိုးတွေကြောင့် ဂျူဗင်တပ်စ်တို့ ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းအတွက် ၂ ဂိုးသွင်းယူပြီး ရပ်ဂနီက ၁ ဂိုးသွင်းယူခဲ့ပါတယ်။
ပါးမားအတွက်ဂိုးတွေကိုတော့ အန်တိုနီနိုက ၁ ဂိုးနဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂါဗင်ဟိုက ခြေစွမ်းပြ ၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အခုရာသီသွင်းဂိုး ၁၇ ဂိုးထိရှိခဲ့ပြီးတော့ စီးရီးအေရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးကရပ်တည်နေပါတယ်။