Home
မြန်မာသတင်း
ကလေးမြို့ ပြည်သူ့ဆေးရုံတွင် ရင်ချင်းဆက်အမြွှာ ပထမဆုံးအကြိမ် မွေးဖွား
DVB
·
February 2, 2019
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းက ရင်ချင်းဆက်အမြွှာကို ပထမဆုံးအကြိမ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ရင်ချင်းဆက် အမြွှာကလေး ၂ ယောက်ဟာ မိန်းကလေးတွေ ဖြစ်ပြီး မွေးဖွားပေးခဲ့တဲ့ မိခင်ကတော့ အသက် ၂၈ နှစ်အရွယ် မသီတာဝင်းဖြစ်ပါတယ်။ ရင်ချင်းဆက်အမြွှာကို သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာအေးအေးသင်း၊ သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာနီလာထွေး၊ လက်ထောက်အထူးကု ဆရာဝန် ဒေါက်တာ ခိုင်မွန်ကျော်၊ လက်ထောက်ဆရာဝန် ဒေါက်တာ ၀င်းထွန်းအောင် မေ့ဆေးဆရာဝန် ဒေါက်တာ ကျော်မျိုးသန့်နဲ့ ဆရာ ဆရာမတွေက ခွဲစိတ်မွေးဖွားပေးခဲ့တာလို့ ကလေးမြို့ ဆေးရုံ တာဝန်ရှိတဦးက ပြောပါတယ်။ ခုလို ရင်ချင်းဆက်အမြွှာကို မွေးဖွားတာဟာ ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ “ပုံမှန်ခွဲစိတ်မှုဆိုရင် လေးဆယ့်ငါးမိနစ်ခန့် ကြာပါတယ်။ အခုခွဲစိတ်မှုက ရင်ချင်းဆက်အမြွှာဖြစ်နေတာကြောင့် ၁ နာရီကျော်ကြာပါတယ်။ တကယ်ကို ဂရုစိုက်ပြီး အမှားအယွင်း မဖြစ်ရအောင် ဆောင်ရွက်ခဲ့တာ" လို့ ကလေးမြို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ မွေးဖွားလာတဲ့ ရင်ချင်းဆက်အမြွှာ ကလေးငယ် ၂ ဦးဟာ ၈ ပေါင် ၈ အောင်စ ရှိပြီး ကလေးတွေ ကျန်းမာရေးအတွက် အထူးကြပ်မတ်ပေးနေကြတယ်လို့ ကလေး အထူးကုဆရာဝန်ကြီး ဒေါက်တာနုနုထွေးက ပြောပါတယ်။ "မွေးဖွားလာတဲ့ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေကို လတ်တလောမှာ ဂရုတစိုက် စောင့်ကြည့်နေပါတယ်။ ကျန်းမာရေးကောင်းမွန်ခဲ့ရင်တော့ မန္တလေးဆေးရုံကို ပြန်လည်လွှဲပြောင်းပြီး ရင်ချင်းဆက်နေတာကို ခွဲစိတ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်။” မြန်မာနိုင်ငံမှာ ရင်ချင်းဆက်အမြွှာ မွေးဖွားပေးနိုင်ခဲ့တာဟာ ၁၉၇၁ ခုနှစ်ကနေစပြီး အခု ကလေးမြို့ ပြည်သူ့ဆေးရုံက ရင်ချင်းဆက် အမြွှာအပါဝင် စုစုပေါင်း ရင်ချင်းဆက်အမြွှာ မွေးဖွားပေးတာ ၇ ကြိမ်ရှိပြီလို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024