Home
မြန်မာသတင်း
ဝါရင့် မြန်မာသံ ဂန္ထဝင်အဆိုတော်ကြီး ဦးမင်းနောင် ကွယ်လွန်
DVB
·
February 1, 2019
ဝါရင့် မြန်မာသံ ဂန္ထဝင်အဆိုတော်ကြီး ဦးမင်းနောင် (ကိုမင်းနောင်) အသက် ၈၈ နှစ်ဟာ  ဇန်နဝါရီ ၃၁ ရက် ညနေ ၅ နာရီ ၄၅ မနစ်က ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ မုန်းရစ်လေဦး၊ တက္ကသိုလ်ကျောင်းသူတဦး၊ ဂျင်မလေးဂျမ်း စတဲ့ နာမည်ကြီး မြန်မာသံ ကိုယ်ပိုင်ဂန္ထဝင်သီချင်းတွေနဲ့ ထင်ရှားခဲ့တဲ့ အဆိုတော်ကြီး ဦးမင်းနောင်ဟာ လက်ရှိ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ရဲ့ နာယကလည်း ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ နိုင်ငံတော်အစိုးရက ချီးမြှင့်တဲ့ လူမှုထူးချွန် (ပထမအဆင့်) ရရှိခဲ့ပြီး စည်သူဘွဲ့ကိုလည်း ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဦးမင်းနောင် ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေက ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ အသီးသီး ရေးသားခဲ့ကြပါတယ်။ အဆိုတော် တက္ကသိုလ်လဲ့လဲ့က “ကိုယ့်မိဘ ​ကွယ်​လွန်​သလို ခံစားရတယ်​။ တသက်​တာအတွက် စကားမ​ပြောဘဲ နှုတ်​ဆက်​သွားခဲ့ပြီ။ မမရီရဲ့ အ​ဖေ​ရေ... အ​မေတ​ယောက်​တည်း ကျန်​ခဲ့ပြီလို့​ အော်​ငိုတဲ့အသံက ရင်​​တွေ ကွဲ​ကြေမတတ်​ ခံစားရပါတယ်​။ အမြဲတမ်း ညီမရင်းလိုချစ်​ခင်​တဲ့ အစ်ကို ကောင်းရာသုဂတိ​ ရောက်​ရှိပါ​စေ။ ဘဝရဲ့ လောကဓံတခု​ တွေ့ရပြန်​ပါပြီ​။ ညီမတို့အစ်ကိုကြီးက အနုပညာ သစ္စာရှင်​ကြီးပါ” လို့ ရေးပါတယ်။ မြန်မာသံအဆိုတော် နီနီဝင်းရွှေကလည်း “ဒီနေ့မနက် နီနီသိပ်ချစ်ရတဲ့ မြန်မာသံ ဂန္ထဝင်တေးသံရှင် ဦးမင်းနောင် ကွယ်လွန်သွားပြီလို့ ကြားသိလိုက်ရတော့ အင်မတန် စိတ်ထိခိုက်မိပါတယ်။ ကျန်ရစ်သူ ဇနီး တေးသံရှင် ရီလေး မာမီ၊ သမီးဖြစ်သူ မမသဲ မိသားစုတို့နဲ့ ထပ်တူခံစားရပါတယ်။ ပြောမပြတတ်အောင်ပါပဲ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဦးမင်းနောင်ဟာ ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ အဆိုတော် (ဒေါ်)ရီလေးနဲ့ သားသမီး ၄ ဦးရှိပြီး သူ့ရဲ့ဈာပနကိုတော့ ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီ ရေဝေးသုသာန်မှာ ကျင်းပ မီးသင်္ဂြိုဟ်ဖို့ အစီအစဉ်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024