ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌကို တာဝန်မှရပ်စဲကြောင်း လွှတ်တော်ကြေညာ
သော်ဇင်မျိုး
·
January 31, 2019
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကနေ တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ကို ရာထူးတာဝန်ကနေ ရပ်စဲလိုက်ပြီဖြစ်တဲ့အကြောင်း ဒီကနေ့ တရားဝင်ကြေညာလိုက်ပါတယ်။
တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင် တာဝန်ကနေ နုတ်ထွက်စာတင်ထားတဲ့အပေါ် ဒီကနေ့ ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ဥပဒေနည်းဥပဒေတွေနဲ့အညီ တာဝန်မှ ရပ်စဲကြောင်းကြေညာခဲ့တာပါ။
လွှတ်တော်အတွက် ကားငါးစီးဝယ်ယူခဲ့တဲ့ကိစ္စမှာ အလွဲသုံးစားမှုတွေရှိခဲ့တယ်ဆိုပြီး ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ကို အန်အယ်လ်ဒီပါတီက ထုတ်ပယ်ခဲ့ပြီးနောက် လွှတ်တော်ဒုဥက္ကဋ္ဌအနေနဲ့ နုတ်ထွက်စာတင်ခဲ့တာပါ။
ဦးစံမင်းအောင်ကတော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆက်ပြီး တာဝန်တွေ မဆောင်ရွက်နိုင်တော့တာကြောင့် နုတ်ထွက်လိုက်တာလို့ ဒီဗွီဘီကိုပြောပါတယ်
ဦးစံမင်းအောင်အနေနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမှာ ဖြစ်ပြီး လက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးနေတဲ့အပေါ် ဥပဒေအရ ဖြေရှင်းသွားမယ်လို့ဆိုပါတယ်။