Live
Home
သတင်းတို
နီလာစတားစက္ကူစက် အလုပ်သမားများ တောင်းဆိုချက်ကို အလုပ်ရှင်လိုက်လျော
DVB
·
September 20, 2012
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း စက်မှုဇုန် နီလာစတား စက္ကူစက် အလုပ်သမား ၄၉ ဦးဟာ ဒီနေ့မနက်ပိုင်း သူတို့ရဲ့ရပိုင်ခွင့်တွေကို အလုပ်ရှင်ဆီမှာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့တာကို အလုပ်ရှင်ဘက်က တောင်းဆိုချက်အားလုံး သဘောတူ လိုက်လျောပေးလိုက်ပါတယ်။ နီလာစတား စက္ကူစက်ရဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား အလုပ်သမားဝန်ကြီးဌာနမှ အလုပ်ရုံနဲ့အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ တောင်ဒဂုံမြို့နယ် အလုပ်သမားဦးစီးဌာနမှ ဦးစောစိုးတင့်နဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ Action Labour rights အလုပ်သမားရေးဆောင်ရွက်တဲ့အဖွဲ့တွေက ၀င်ရောက်ညှိနှိုင်းပေးခဲ့တဲ့အတွက် ပြေလည်မှု ရရှိသွားတာပါ။ နီလာစက္ကူစက် ဆန္ဒပြပွဲကို တခြားစက်ရုံက အလုပ်သမားတွေလည်း လာရောက်ဝန်းရံခဲ့တယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။ နီလာစတား စက္ကူစက်ရုံမှာ အလုပ်သမား ၁၀၀ လောက်ရှိတဲ့အထဲက ၄၉ ဦးက ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ အလုပ်ရှင်ဘက် လိုက်လျောချက်တွေကို စက်ရုံလုပ်သားအားလုံး ခံစားနိုင်ကြမှာဖြစ်ပါတယ်။ နီလာစတား စက္ကူစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား ၄၉ ဦးဟာ သူတို့ရဲ့ရပိုင်ခွင့်တွေကို မနေ့က အချက် ၇ ချက်နဲ့ စတင်တောင်းဆိုပြီး ဒီနေ့မှာတော့ အချက် ၄ ချက်နဲ့ တောင်းဆိုခဲ့ကြ တာ ဖြစ်ပါတယ်။ အလုပ်သမားတွေဟာ သူတို့လစာငွေထဲက ၁၀ ရာခိုင်နှုန်းဖြတ်ပြီး စုထားမှုကို အပြည့်အဝေပေးဖို့၊ ရက်မှန်ကြေးနဲ့ ရှားပါးစရိတ် ပေါင်းပေးဖို့၊ ဥပဒေအတိုင်း လုပ်သက်ခွင့်၊ ရှောင်တခွင်ခွင့်၊ ဆေးခွင့်တွေ ခံစားခွင့်ပေးဖို့၊ အဆောင်ကြေးနဲ့ ထမင်းစရိတ်ကို အလုပ်ရှင်ဘက်က ပြောထားတဲ့အတိုင်း ၃၇၀၀၀ ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024