Home
မြန်မာသတင်း
နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကေအန်ယူဗဟိုဌာနချုပ်တွင်ကျင်းပ
နော်နိုရင်း
·
January 31, 2019
ဒီကနေ့ ကျရောက်တဲ့ နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) ဗဟိုဌာနချုပ်ရှိရာ ဘားအံခရိုင်၊ ကလိုယော်လေးမှာ ကျင်းပနေပါတယ်။ အခမ်းအနားမှာ  ကေအန်ယူတပ်ဖွဲ့ဝင်တွေအပြင် အန်စီအေ လက်မှတ်ထိုး ထားတဲ့ ကရင် လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ နယ်ခြားစောင့်တပ် BGF၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA- PC)တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး တပ်စု ၁၃ စု၊ စစ်ကြောင်း ၁၃ ကြောင်းနဲ့ စစ်ရေးပြချီတက်ကြပါတယ်။ ဒီနှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားမှာ တော်လှန်ရေးစစ်သည် ၁၀၀၀ ကျော်ကိုလည်း ဂုဏ်ပြုခဲ့ကြပါတယ်။ ဒီလိုဂုဏ်ပြုရာမှာ နှစ်ပေါင်း ၇၀ ပြည့်တဲ့အထိ ကရင့်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး အခုအချိန်ထိ သက်ရှိထင်ရှား တာဝန်ထမ်းဆောင်နေဆဲ စစ်သည် ၆ ဦး ၊ နှစ် ၅၀ တာဝန်ထမ်းဆောင်ခဲ့သူ ၅၀ ဦး၊ နှစ် ၄၀  တာဝန်ထမ်းဆောင်ခဲ့သူ ၂၀၀ ဦးနဲ့ ၂၅ နှစ်ပြည့်တဲ့ သူတွေကို ဂုဏ်ပြု ဆုတံဆိပ်တွေ အသီးသီးချီးမြှင့်ခဲ့ပါတယ်။ ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ပြည်တွင်းပြည်ပက ဖိတ်ကြားထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဧည့်သည်တွေ ထောင်ချီတက်ရောက်ခဲ့ပါတယ်။ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)ကို ၁၉၄၉ ဇန်န၀ါရီ ၃၁ ရက်မှာ ဖဆပလအစိုးရက တရားမ၀င်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တဲ့နေ့ကို ကရင်အမျိုးသား ခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024