Home
မြန်မာသတင်း
ဝန်ကြီးဌာနပြင်ဆင်ဖွဲ့စည်းရန် သမ္မတ၏တင်ပြချက် ကချင်ပြည်နယ်လွှတ်တော် သဘောမတူ
ပိုင်စိုး
·
January 30, 2019
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာန ပြင်ဆင်ဖို့ ပေးပို့ထားတဲ့ သမ္မတရဲ့ သဝဏ်လွှာကို လွှတ်တော်က သဘောမတူဘဲ လစ်လပ် ဝန်ကြီးနေရာတွေ အစားထိုးခန့်အပ်တာကိုတော့ လက်ခံခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာနကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာနဆိုပြီး ၂ ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ နိုင်ငံတော် သမ္မတက လွှတ်တော်ကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီမတိုင်ခင်က ကချင်ပြည်နယ် ဝန်ကြီး ၃ ယောက် လစ်လပ်သွားလို့ အစားထိုးဖို့ အတွက် ဇန်နဝါရီ ၂၈ ရက်မှာ ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ အစိုးရအဖွဲ့ဝန်ကြီးဌာန ပြင်ဆင်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုလာပြီး ဒါဟာ အခြေခံဥပဒေနဲ့မညီတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တချို့က ကန့်ကွက်ခဲ့ကြသလို ပြင်ဆင်ပြီး ပြန်တင်လာမှပဲ လွှတ်တော်က လက်ခံဆုံးဖြတ်ပေးမယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ ဇန်နဝါရီ ၂၉ ရက်လွှတ်တော်အစည်းအဝေးမှာတော့ သမ္မတဆီက သဝဏ်လွှာနဲ့ ဝန်ကြီးဌာနပြင်ဆင်ဖို့ တင်ပြလာပေမယ့် ကိုယ်စားလှယ်တချို့က ဆွေးနွေးခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက “၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီဟာ ပြည်သူကို ကတိပေးခဲ့တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း စာမျက်နှာ ၃ မှာ အုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် အသုံးစရိတ် သက်သာနိုင်ဖို့နဲ့ စွမ်းဆောင်ရည်ပြည့်ပြီး ကျစ်လျစ်တဲ့ အစိုးရ တရပ်ဖွဲ့စည်းနိုင်ရေး ဝန်ကြီးဌာနတွေကို လျှော့ချသွားမယ်လို့ ပြည်သူကို ကတိပေးခဲ့တာ ရှိပါတယ်” လို့ ထောက်ပြပြောဆို ခဲ့ပါတယ်။ ပြီးတော့ ဝန်ကြီးဌာန နောက်တခုဖွဲ့မယ်ဆိုရင် ဝန်ကြီးတယောက် ထပ်ခန့်ရမှာ ဖြစ်ပြီး အဆောင်အယောင် အသုံးစရိတ်တွေ ထည့်သွင်း စဉ်းစားဖို့ လိုလာမှာ ဖြစ်သလို လက်ရှိဝန်ကြီးရဲ့ စွမ်းဆောင်ရည်ကရော ကျနေပြီလားလို့ မေးခွန်းစရာဖြစ်တယ်လို့ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်  တယောက်ကလည်း ဆွေးနွေးခဲ့ကြပြီး လွှတ်တော်ဥက္ကဋ္ဌက ဘာကြောင့် ဒီလို ဝန်ကြီးဌာနတခု ထပ်ပြီး ပြင်ဆင်ဖို့ လိုတယ်ဆိုတဲ့ အကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ပြည်နယ်လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူဖို့ မဲခွဲရာမှာတော့ မဲပေးပိုင်ခွင့်ရှိသူ ၄၆ ယောက်မှာ ထောက်ခံမဲ ၁၈ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြစ်တာကြောင့် လွှတ်တော်က သဘောမတူကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့က လစ်လပ်လျက်နေတဲ့ ဝန်ကြီး ၃ နေရာအတွက် မိုးညှင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း၊ ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းနဲ့ ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီတို့ကို ခန့်အပ်နိုင်ဖို့ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဒီနေ့ ဇန်နဝါရီ ၃၀ ရက်လွှတ်တော်အစည်းအဝေးမှာတော့ အဲဒီ ဝန်ကြီးတွေရဲ့ အမည်စာရင်းကိုလွှတ်တော်က သဘောတူတယ်လို့ ဆုံးဖြတ်လိုက်တာပါ။ ဝန်ကြီးတွေကို သမ္မတက အတည်ပြုပြီးရင်တော့ မနက်ဖြန်မှာ လွှတ်တော်မှာ ကျမ်းသစ္စာဆိုဖို့ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024