Home
မြန်မာသတင်း
ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌကို တာဝန်ရပ်စဲကြောင်းကြေညာမည်
သော်ဇင်မျိုး
·
January 30, 2019
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌဦးစံမင်းအောင်ကို မနက်ဖြန်ကျင်းပမယ့်  တိုင်းလွှတ်တော် အစည်းအဝေးမှာ တာဝန်ကနေ ရပ်စဲကြောင်းကြေညာသွားမယ်လို့ ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဒီဗွီဘီကိုပြောပါတယ်။ လွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင် အနေနဲ့ ဒုဥက္ကဋ္ဌတာဝန်က နုတ်ထွက်စာကို ဇန်န၀ါရီ ၃၁ ရက် နေ့စွဲနဲ့ တင်ထားတာဖြစ်လို့ ဥပဒေနဲ့အညီ အခုလို ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ လွှတ်တော်အတွက် မော်တော်ယာဉ် ၅ စီးဝယ်ယူခဲ့တဲ့ကိစ္စမှာ အလွဲသုံးစားမှုတွေ ရှိခဲ့တယ်ဆိုပြီး ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ကို အန်အယ်လ်ဒီပါတီက ထုတ်ပယ်ခဲ့ပြီးတဲ့ လွှတ်တော်ဒုဥက္ကဋ္ဌအနေနဲ့ အခုလို တာဝန်ကနေ နုတ်ထွက်စာတင်ခဲ့တာပါ။ ဦးစံမင်းအောင်ကတော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆက်ပြီးမဆောင်ရွက်နိုင်တော့ တာကြောင့် နုတ်ထွက်လိုက်တာလို့ ဒီဗွီဘီကိုပြောပါတယ်။ သူ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်ရှိသွားမှာဖြစ်ပြီး လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေး နေတဲ့ကိစ္စကိုလည်း ဥပဒေအရ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။ လွှတ်တော်ဒုဥက္ကဋ္ဌသစ်ခန့်အပ်ဖို့ကိစ္စတွေကိုတော့ နောက်လာမယ့် လွှတ်တော် ၁၆ ကြိမ်မြောက်အစည်းအဝေးမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024