Home
မြန်မာသတင်း
သမီးလှရွာသားများထံက ရွှေ၊ ငွေပစ္စည်းများ ယူသွားသည့်သတင်း မဟုတ်မှန်ဟု တပ်မတော်ငြင်းဆို
DVB
·
January 30, 2019
ရခိုင်ပြည်နယ်၊ ရသေတော့င်မြို့နယ်ရှိ သမီးလှကျေးရွာကို တပ်မတော်က ၀င်ရောက်ပြီး ရွှေ၊ ငွေပစ္စည်းတွေယူသွားတယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ မှန်ကန်မှုမရှိဘဲ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ တပ်မတော်လုပ်ထုံးလုပ်နည်းအရ ရွာကို နယ်ခြားစောင့်ရဲနဲ့ ပူးပေါင်းပြီး လုံခြုံရေးအရ စစ်ဆေးတာတွေ လုံခြုံရေးအရ ရှာဖွေတာတွေ လုပ်ဆောင်တဲ့အချိန်မှာ ပစ္စည်းတွေ ယူသွားတယ် ဆိုပြီး သတင်းတွေထွက်ပေါ်နေတာဟာ စွပ်စွဲတာသာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အေအေတပ်ဖွဲ့တွေ သမီးလှကျေးရွာထဲမှာရှိနေတာကြောင့် လုံခြုံရေးအရ စစ်ဆေး ဝင်ရှာတာကို ပစ္စည်းတွေယူသွားတယ်ဆိုပြီး စွပ်စွဲနေတာလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ငြင်းဆို ထားပါတယ်။ ရသေတော့င်မြို့နယ်ရှိ သမီးလှကျေးရွာကို ဇန်နဝါရီ ၂၆ ရက်က လက်နက်ကြီးတွေ ကျရောက်ပြီးနောက် တပ်မတော်က စစ်သားတွေ ရောက်လာကာ လူနေအိမ်တွေထဲ ၀င်ရောက်ရှာဖွေ ရွှေ၊ ငွေ ပစ္စည်းတွေ ယူသွားတယ်လို့ သမီးလှရွာသားတွေက စွပ်စွဲ ပြောကြားထားတာဖြစ်ပါတယ်။ ဒီလိုရှာဖွေတဲ့အခါမှာ အိမ်အတွင်းဝင်ရောက်ပြီး ရှာဖွေကာ အိမ်မှာရှိတဲ့ လက်ကိုင်ဖုန်း၊ ဆန်၊ ဆီ၊ ဆားစတာတွေ၊ အဝတ်အထည်တွေ ယူဆောင်သွားပြီး ယူဆောင် သွားကြတဲ့အထဲမှာ ရွှေတွေ၊ ငွေတွေနဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ပြန်လိုချင်တယ်လို့ သမီးလှကျေးရွာ ဒေသခံ ကာယကံရှင်တွေက ပြောပါတယ်။ သမီးလှကျေးရွာက ဒေါ်စံမြသော်က “ရွှေတွေ၊ ဆန်တွေကို ယူပြီးတော့ ကျမတို့ကို ညနေ ၇ နာရီမှာ ပြန်လွှတ်လိုက်တယ်။ အိမ်တွေမှာ ဘာတွေရှိ၊ မရှိ တက်ပြီးကြည့်တော့ သေတ္တာသုံးလုံးစလုံးကို ဖြိုထုပစ်ခဲ့ကြတယ်။ ပိုက်ဆံ ကျပ် ၈၀၀၀၀ ယူသွားကြတယ်။ အဖွားမှာဆိုရင် တသက်လုံးစုထားတဲ့ ရွှေ ၆ ကျပ်သား ယူသွား ကြတယ်။ အဖွားတို့ရွာက ယူသွားတဲ့ပစ္စည်းတွေကို ပြန်လိုချင်ပါတယ်။ အဲဒါတွေကို အဖွား တောင်းဆိုချင်ပါတယ်”လို့ပြောပါတယ်။ အိမ်မှာ ထမင်းစားနေရင်းနဲ့ သေနတ်ကျည်စထိမှန်ဒဏ်ရာရှိထားတဲ့ သမီးလှကျေးရွာက အသက် ၂၆ နှစ်အရွယ် မနွယ်နွယ်ဦးကိုလည်း  နားထင်ကို သေနတ်ချိန်ပြီး ဘုန်းကြီးကျောင်းကို ခေါ်သွားတယ်လို့ ဆိုပါတယ်။ “ကျမတို့ကို နားထင်ကို သေနတ်နဲ့ချိန်ပြီးတော့ ကျောင်းကို အကုန်လုံးသွားတဲ့။ သွားတော့ ကျမရဲ့ မိဘတွေကိုကြည့်တော့ ဘယ်သူမှ မရှိတော့ဘူး။ ကျမလည်း အိမ်ကို တက်မယ်ကြည့်တော့ ကျမတို့အိမ်မှာ စစ်သားတွေအများကြီး၊ ကျမသေတ္တာထဲမှာသိမ်းထားတာကို ယူမယ်ပြင်တော့ အိမ်ပေါ်မတက်ရဘူးပြောတယ်။ ပစ်သတ်လိုက်မယ်တဲ့။ ကျောင်းကိုသွားလို့ ပြောတယ်။ ကျောင်းက ပြန်လာတော့ ပစ္စည်းတွေမရှိတော့ဘူး”လို့ ပြောပါတယ်။ သမီးလှကျေးရွာက တလသားအရွယ်ကလေးမိခင် ဒေါ်ခင်ယုဆွေက “အစ်မတို့က ထမင်းစားနေတယ်။ မနက်၉ နာရီကျော်လောက်ရှိပြီ ထင်တယ်။ ရွာအပြင်က လက်နက်ကြီး ပေါက်ကွဲသံ နှစ်ချက် ကြားတယ်။ အဲ့ဒီမှတင် ဒိုင်း-ဒိုင်းဆိုတဲ့အသံတွေ အရှေ့ရောအနောက်ရော အကုန်အသံတွေ ဆူညံလာတယ်။ စစ်သားတွေ ရွာကိုဝင်လာတယ်။ သေနတ်သံတွေ အမြောက်သံတွေကလည်း ဘယ်ကလာမှန်းလဲ မသိဘူးတော့။ ထမင်းစားနေတာ ကိုယ့်မိသားစုတွေခေါ်ပြီး အိမ်အောက်မှာ ပုန်းလိုက်တယ်။ အဲ့ဒီမှာတင် အိမ်ခေါင်းမိုးပေါ် လက်နက်တခု ကျလာတယ်။ အဲ့ဒီမှာ ကြောက်လန့် ပြီးတော့ ထွက်ပြေးတယ်။ စစ်သား တယောက်နောက်နေ ဝရုန်းသုန်းကား ပြေးလာပြီ။ လက်တွေ မြောက်ပြီးတော့ မြေကြီးပေးမှာဝပ်ဆိုတော့ အကုန်လက်ပိုက်ခိုင်းပြီး ဘုန်းကြီးကျောင်းကို ခေါ်သွားတယ်”လို့ပြောပါတယ်။ ဒီလို ကျေးရွာဝင်ပြီး ရွှေထည်ပစ္စည်းတွေယူဆောင်သွားတာ ခန်းမှန်းတန်ဖို့ ကျပ်သိန်း ၁၀၀၀ လောက်ရှိမယ်လို့ သမီးလှကျေးရွာရဲ့ ကျောင်းထိုင်ဆရာတော်ကတော့ ဦးဝဏ္ဏသီရီက  မိန့်ပါတယ်။ “သိမ်းဆည်းခံလိုက်ရတဲ့ ငွေသားတွေနဲ့ ရွှေတွေကို ခန့်မှန်းတွက်ချက် ကြည့်ရင်တော့ ကျပ်သိန်း တထောင်လောက်ရှိနိုင်ပါတယ်။ ဒါက အကြမ်း တွက်ချက်ထားတာပါ။ ဒီထက် များနိုင်ပါတယ်။ ရွှေတွေ၊ ငွေတွေ၊ ဖုန်းတွေ၊ ပြီးတော့ ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်တွေ၊ ငပိတွေ အကုန်အိမ်ပေါ်တက်ပြီးတော့ ယူသွားကြတယ်။ တပ်မတော်က ယူသွားတာကို ပြန်လိုချင်ပါတယ်။” လက်ရှိအချိန်မှာ ရွာကဒေသခံတွေဟာ ဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံနေကြရပြီး တချို့လည်း အိမ်ကို ခဏပြန်သွားပေမယ့် ကြောက်လန့်တာကြောင့် ဘုန်းကြီးကျောင်းမှာ ညအိမ်နေကြရတယ်လို့ ဆိုပါတယ်။ ဦးခေါင်းမှာ ထိုက်ခိုက်ဒဏ်ရာ ရှိခဲ့တဲ့ သမီးလှကျေးရွာက ဦးမောင်ဝင်းလှိုင်က “ကျနော်တို့ မိသားစုကိုသေနတ်သံကြားလို့ အိမ်အောက်မှာပုန်းနေရာက အိမ်အောက်မှာ ဘယ်သူရှိလဲ ထွက်ခဲ့၊ မထွက်ရင် ပစ်လိုက်မှာနော်၊ အခုထွက်ခဲ့ဆိုပြီးတော့ လှမ်းအော်တယ်။ အဲ့ဒီ မှာ ကျနော်မိသားစု ထွက်လာတော့ အကုန်လက်ပိုက်ပြီးတော့ မြေကြီးပေါ်မှာ ဝပ်ခိုင်းလိုက်တယ်။ ကျနော့်ကို နောက်သေနတ်ပေါင်းတချက်ရိုက်တယ်။ ကျနော် ဘာမှမသိလိုက်တော့ဘူး။ သတိရ လာတဲ့အချိန်မှာ ဘုန်းကြီးကျောင်းကိုရောက်နေပြီ။ ခေါင်းတွေမှာလဲ သွေးတအား ထွက်တယ်။”လို့ ပြောပါတယ်။ အဲဒီဒေသကို သွားရောက်လေ့လာခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် ကတော့ “အယူဝါဒချင်းမတူလို့တိုက်ပွဲတွေ ဖြစ်ကြတဲ့အခါမှာ ပြည်သူတွေကို မတိုက်ခိုက်ဖို့ လိုပါတယ်။ အခုက ရွာထဲအထိဝင်ရောက်လာပြီး အိမ်ပေါ်တွေတက် ရွှေထည်ပစ္စည်းတွေ ငွေယူသွားတယ်။ တချို့အိမ်တွေမှာဆိုရင် သေတ္တာတွေအကုန်ဖျက်ဆီးပစ်ခဲ့တယ်။ တော်တော်ကို ဆိုးဆိုးဝါးဝါးမြင်ခဲ့ရတယ်။ ဒါတွေကလုံးဝမလုပ်သင့်တဲ့အရာပဲ”လို့ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ဒါဟာ မတရားစွပ်စွဲမှုတွေသာဖြစ်ပြီး တပ်မတော်က အမှန်တကယ်သာ လူ့အခွင့်အရေးချိုးဖောက်ကြောင်း အထောက်အထားတွေနဲ့ ပြည့်စုံစွာ တင်ပြနိုင်ရင် ဥပဒေအရ အရေးယူသွားမယ်လို့ ပြောထားပါတယ်။ သတင်း- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024