YBS ၃၇ ယာဉ်လိုင်း ယာဉ်မောင်းများ၏ ဆန္ဒပြတောင်းဆိုချက် ခေါ်ယူညှိနှိုင်းပေး
စိုးမိုးအောင်
·
January 30, 2019
YBS ၃၇ ယာဉ်လိုင်းမှာ ငွေကြေးမသမာမှုတွေ ရှိတယ်ဆိုပြီး ယာဉ်မောင်းတွေ ဆန္ဒထုတ်ဖော်တဲ့နေ့မှာပဲ ကုမ္ပဏီဥက္ကဋ္ဌက ညှိနှိုင်းပေးခဲ့တယ်လို့ ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်စိုးဝင်းက ပြောပါတယ်။
ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီ(YBPC)က YBS၃၇ယာဉ်လိုင်းမှာ ယာဉ်စီးခငွေကြေးတွေကို အုပ်စုဖွဲ့ခိုးယူတယ်ဆိုပြီး ယာဉ်မောင်းတွေက ဇန်န၀ါရီ ၂၈ ရက်မှာ ကုမ္ပဏီကို တောင်းဆိုချက် ၆ ချက်ဆောင်ရွက်ပေးဖို့ ယာဉ်မောင်းအင်အား ၃၀၀ လောက်နဲ့ ဆန္ဒပြတောင်းဆိုခဲ့တာပါ။
အဲဒီလိုဆန္ဒပြတဲ့အပေါ် YBPC ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာမောင်အောင်နဲ့ ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်တို့က အဲဒီနေ့မှာပဲ ယာဉ်မောင်းတွေတောင်းဆိုချက်ကို ခေါ်ယူညှိနှိုင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
“ခေါ်ယူတွေ့ဆုံပြီးတော့ ညှိနှိုင်းမှု တန်းလုပ်ပေးတယ်။ လုပ်ပေးပြီးတော့ ကျနော်တို့တောင်းဆိုတဲ့ အချက် ၆ ချက်စလုံးကို သူတို့တွေက အကုန်လုံးဆောင်ရွက်ပေးပါ့မယ် ဆိုပြီးတော့ ညှိနှိုင်းမှုအဆင်ပြေတာနဲ့ ကျနော်တို့တွေ အကုန်လုံးကို ပြန်လည်ပြီးတော့ နေ့လယ် ၂ နာရီဝန်းကျင်မှာ အကုန်လုံးကို ပြန်ဆက်သွယ်ပြီးတော့ ဆန္ဒထုတ်ဖော်တဲ့ဟာကို ရပ်တန့်ပေး လိုက်တယ်”လို့ ဦးနိုင်စိုးဝင်းကပြောပါတယ်။
YBPC ကုမ္ပဏီမှာရှိတဲ့ YBS ၃၇ ယာဉ်လိုင်းမှာ ငွေကြေးမသမာမှုဖြစ်နေတာကို ဖြေရှင်းပေးဖို့၊ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ဖြစ်တဲ့ အီးစီစာချုပ် ချုပ်ဆိုပေးဖို့စတဲ့ အချက် ၆ ချက်ကို ယာဉ်မောင်းတွေက တောင်းဆိုခဲ့တာပါ။
ငွေကြေးအလွဲသုံးစားမှု ၄ မှုမှာ ပါဝင်နေသူတွေကိုတော့ ကုမ္ပဏီက ရဲစခန်းမှာ အမှုဖွင့်ထားပြီး ကျူးလွန်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့က ဆိုပါတယ်။