လမ်းလျှောက် performance ပြသခဲ့သူ ဆရာဆူးမြင့်သိန်းကို ခေတ္တထိန်းသိမ်း
DVB
·
September 20, 2012
မနက်ဖြန် ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးမြို့မှာ လမ်းလျှောက် performance (ဖျော်ဖြေရေးအနုပညာ) ပြသခဲ့သူ ဆရာ ဆူးမြင့်သိန်းကို တာဝန်ရှိ သူတွေက ခေါ်ယူထိန်းသိမ်းပြီး ဒီနေ့ နေလယ် ၁ နာရီကျော်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
ပန်းချီ ပန်းပု သင်တန်းကျောင်းဖွင့်ထားသူ ဆရာ ဆူးမြင့်သိန်းဟာ မန္တလေးမြို့က အလင်းတံခါး ပန်းချီကျောင်း တည်ရှိရာ လမ်းကနေ စတင်လမ်းလျှောက် performance (ဖျော်ဖြေရေး အနုပညာ) ပြသခဲ့တာဖြစ်ပြီး ၈၄ လမ်း အရောက်မှာ အမှတ် ၈ ရဲစခန်း တာဝန်ရှိသူတွေ က ခေါ်ဆောင်သွားပြီးနောက် နေ့လယ် ၁ နာရီကျော် မှာ ပြန်လွှတ်ပေး လိုက်တာပါ။
လာရောက်ဖမ်းဆီးသူ ရဲအရာရှိကို ဆရာဆူးမြင့်သိန်းက “ကျနော်က ငြိမ်းချမ်းစေချင်တယ်။ လူတွေရဲ့ ဒေါသတွေကို ငြိမ်းအေးစေဖို့အတွက် အားလုံး သတိရကြပါစေဆိုပြီးတော့ နည်းနည်းလေးများ အသိတရားရစေဖို့ပါ။ ကျနော်လုပ်နေတဲ့ ကာလမှာ နည်းနည်းလေး အသိတရားရစေဖို့အတွက်ပါ” လို့ ပြောပါတယ်။
ရဲအရာရှိက သက်ဆိုင်ရာကို ခွင့်ပြုချက်မတင်တဲ့အတွက် အခုလို လာရောက်ခေါ်ဆောင်ရတာလို့ ဆရာဆူးမြင့်သိန်းကို ပြန်ရှင်းပြပါတယ်။
“အခုလိုလုပ်တယ်ဆိုတာက ဥပဒေနဲ့အညီလုပ်လို့ မရဘူး မဟုတ်ဘူး။ ခင်ဗျား လုပ်ချင်တယ်ဆိုရင် ခွင့်ပြုချက်တင်၊ တင်ပြီးတော့မှ ခင်ဗျားကို ကျနော်တို့က စောင့်ရှောက်ကာကွယ်ပေးရမှာ။ အန္တရာယ်မဖြစ်အောင် ကျနော်တို့က လုပ်ပေးမှာပါ။ ဒီလိုမျိုးကြီးကျတော့ လူတွေအားလုံး ဒုက္ခရောက်ကုန်မယ်။ မြင်တဲ့အတိုင်းပဲ လမ်းတွေ အားလုံး ပိတ်ကုန်တယ်။ ဒါကမန္တလေးမြို့တော် ဗဟိုနေရာကြီး။ ၈၄ လမ်းဆိုတာ မိန်းလမ်းမကြီး ခင်ဗျားလုပ်တာနဲ့ တအားကြီး ဒုက္ခရောက်ကုန်ကြ တာ။”
ဆရာဆူးမြင့်သိန်းဟာ ပြီးခဲ့တဲ့ မေလတုန်းကလည်း မန္တလေးကျုံးဘေးမှာ မလေးရှားအနုပညာရှင်တွေနဲ့အတူ performance အနုပညာပြကွက်တွေ ဖော်ထုတ်ပြသ ခဲ့တဲ့အတွက် ခေတ္တထိန်းသိမ်းခံခဲ့ရဖူးပါတယ်။
Read more