Live
Home
မြန်မာသတင်း
ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း လွှတ်တော်တင်ရန် တိုက်တွန်း
ရွှေအောင်
·
January 28, 2019
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း Right to Recall ကို လွှတ်တော်တင်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ရွေးကောက်ပွဲကော်မရှင် ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီ ၂၈ရက် ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ  မင်းကင်း မဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးမောင်မြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ Right to Recall ဥပဒေကို ဘယ်အချိန်လွှတ်တော်တင်မလဲ၊ ဘာကြောင့် ကြန့်ကြာနေတာလဲလို့ မေးခွန်းမေးပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦးက ကော်မရှင်အနေနဲ့ ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်ပေမယ့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ဆိုင်းငံ့ထားတဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က တစုံတရာ ညွှန်ကြားချက်ရမှ ဥပဒေကြမ်းကို လွှတ်တော်တင်မယ်လို့ ရှင်းလင်း ပြောကြားပါတယ်။ အဲ့ဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြောကြားလိုပါတယ်။ ဥပဒေရေးဆွဲပြီး တင်ပြဖို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်က ညွှန်ကြားလို့ လမ်းညွှန်မှုပြုလို့ ပြန်လည်တင်ပြရမယ်ဆိုတာ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ငန်းတာဝန် မဟုတ်ပါဘူး။ သက်ဆိုင်ရာ နည်းဥပဒေကို စီမံခန့်ခွဲရတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်သာဖြစ်ကြောင်း ပြောကြားလိုပါတယ်။” လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း Right to Recall ကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းမှာ တင်ခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ကန့်ကွက်သူများလို့ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024