ပဲလေ့စ်ကို ၂ ဂိုး ဂိုးမရှိဖြင့်ရှုံးပြီး စပါး အက်ဖ်အေဖလားမှ ထွက် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 28 January, 2019
1K
0
Share
0
Comment
0
Likes
VIDEO
အင်္ဂလန် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ မနေ့ကယှဉ်ပြိုင်ရာ ပဲလေ့စ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ ကြားရက်က ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ ချဲလ်ဆီးကိုရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရသလို အခု ပဲလေ့စ်ကိုရှုံးပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အတွက် လေးရက်အတွင်း ပြိုင်ပွဲနှစ်ခုကနေ ထွက်ခဲ့ရတာပါ။
ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့ စပါးအသင်းဟာ တိုက်စစ်မှာ လော်ရန်တေးကို အသုံးပြုခဲ့ပြီး လူးကပ်စ်မိုရာ၊ ဒိုင်ယာ၊ ထရစ်ပီယာနဲ့ ဗာတွန်ဂန်တို့ကို အရန်ကစားသမားတွေနဲ့ တွဲပြီး ပွဲထွက်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ တိုက်စစ်မှူး ဇာဟာ၊ တောင်ဆန်၊ ကူယာတေး၊ ဗန်အန်ဟော့လ်တ်၊ ဒန်း စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။
ဧည့်သည် စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အသာစီးရခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ဘဲ ချေပဂိုးနဲ့ ဝေးခဲ့ရတာပါ။
ပထမပိုင်းပြီးခါနီးမှာ စပါးအသင်း ပယ်နယ်တီ ကန်ခွင့်ရပေမယ့် နောက်ခံလူ ထရစ်ပီယာ ကန်သွင်းချက် ဘေးထွက်သွားလို့ စပါးအသင်း နစ်နာခဲ့ရပါတယ်။
ပဲလေ့စ်အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၉ မှာ ဝစ်ခ်ဟမ်နဲ့ ၃၄ မိနစ်မှာ ပယ်နယ်တီကတဆင့် တောင်ဆန်တို့က သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ အိမ်ရှင် ပဲလေ့စ်အသင်း ၂ ဂိုး ဂိုးမရှိနဲ့နိုင်ကာ အက်ဖ်အေဖလား နောက်တဆင့် တက်ရောက်သွားပါတယ်။